~ အခန်း (၁၂) ~

291 68 0
                                    

ကျုံးဇီဟန်သည် တံခါးကို ချိုးဖျက်ကာ အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ပုံရိပ်သေးသေးလေးတစ်ခုက အိပ်ယာထက်မှ ခုန်ထလိုက်ရင်း မေးလာ၏။

"ဘယ်သူလဲ။"

ကျုံးဇီဟန်သည် အနည်းငယ်မျှ စိတ်သက်သာရာရသွားပြီး

"ရှောင်ကျို ... ငါပါ။
အဝတ်တွေ မြန်မြန်ဝတ်လိုက်ဦး။"

"... ဟမ်"

ကျုံးဇီရှောင်းမှာ စိတ်ရှုပ်နေသေးပုံပင်။

ရုတ်တရက် အခန်းအပြင်ဘက်မှ တိုက်ခိုက်နေကြသည့်အသံများ ပေါ်ထွက်လို့လာသည်။ ကျုံးဇီဟန်သည် သူ၏ဝတ်ရုံအား ဝတ်ထား၏ မထား၏ကိုပင် ဂရုမစိုက်နိုင်ချေ။ လက်တစ်ဖက်က ဓားကိုကိုင်ထားရင်း အခြားတစ်ဖက်က ကျုံးဇီရှောင်းကို ပွေ့ချီထားကာ အခန်းအပြင်ဘက်သို့ ပြေးထွက်လာလိုက်သည်။

"ဟွမ်ဟုန် ... ဟွမ်ဝူ ..."

ကျုံးဇီဟန်၏ ခြေလှမ်းများသည် နေရာမှာတင် ရပ်တန့်လို့သွားရ၏။

သူတို့ နားနေသောအခန်းမှာ ဒုတိယထပ်တွင် တည်ရှိလေ၏။ အခန်းသည် အဆောင်၏ တောင်ဘက်အကျဆုံးအပိုင်းဖြစ်သော်လည်း ဤတည်းခိုဆောင်လေးမှာ အလွန်ပင်သေးငယ်လှရာ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံဖြင့် လှေကားဆီသို့ ရောက်နေသင့်သည်။ သို့သော် သူတို့၏ အရှေ့မှ စကြ်န်လမ်းသည် ဆန်းကြယ်လှသော စွမ်းအားတစ်စုံတစ်ရာဖြင့် ကြိုးတစ်ချောင်းပမာ ဆွဲဆန့်ခံထားရသကဲ့သို့ ဖြစ်နေခဲ့သည်ကို နှစ်ဦးလုံး ထင်ထင်ရှားရှားကြီး မြင်လိုက်ရတော့၏။ ယခုအချိန်တွင် စကြ်န်လမ်းသည် အလွန်အမင်းရှည်လျားနေကာ လှေကားသည်လည်း အလွန်ဝေးသော အခြားအစွန်းတစ်ဖက်တွင် ရှိနေခဲ့၏။

ကျုံးဇီရှောင်းမှာ မျက်လုံးလေးများကို ပွတ်လိုက်မိရင်း သူသည် အိပ်ချင်မူးတူးဖြစ်နေဆဲဟု ထင်နေခဲ့သည်။ ကျုံးဇီဟန်ပင်လျှင် အိပ်မက်များလားဟု အခိုက်အတန့်မျှ အံ့အားသင့်ကာနေလျှက်သား။

"အရှင့်သား !!!"

ဟွမ်ဟုန်၏ခေါ်သံကို ကြားလိုက်မှ နှစ်ယောက်လုံး အသိပြန်ဝင်လာတော့၏။

 မရဏတမန်တော် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora