16

2.6K 383 5
                                    

[Unicode]

ဆည်းဆာလမ်းကြားကို စရောက်ပြီး နောက်တရက်မှာ ကျွန်တော် အိပ်မက်ဆိုး မက်ခဲ့တယ်။ ကျွန်တော်လည်း နိုးလာတော့ လမင်းကြီးက ဝင်စပြုနေပြီ။ ခေါင်းအုံးစွပ်ကလည်း စိုစွတ်နေတာကို သတိထားမိခဲ့တယ်။

အိပ်မက်ထဲမှာ ကျွန်တော် ထပ်ပြီး မြေအောက်ခန်းထဲမှာ သော့ခတ်ခံရတယ် တဲ့။

ခန္ဓကိုယ်ထဲကနေ သွေးတွေက ပန်းထွက်လာပြီး သွေးရောင်တွေက အမှောင်ထဲမှာ စွဲမက်စရာ ဖြစ်ဖို့ကောင်းလောက်အောင် တလက်လက် တောက်ပနေတယ်။

ဘယ်သူကမှ လာမကယ်ခဲ့ဘူး။

အခန်းမီးထွန်းလိုက်တဲ့အထိ ကျွန်တော် ကြောက်နေခဲ့တုန်းပဲ။ ကျွန်တော့အခန်းနဲ့ ကျိုးချန်ရဲ့အခန်းက လျှောက်လမ်းပဲ ခြားတာ။ ကျွန်တော် အိပ်မပျော်ဖြစ်တာတို့၊ အိပ်မက်ဆိုးတွေမက်တာတို့ဆိုရင် သူ့ကို အကြောင်းကြားဖို့ ကျိုးချန်က မှာထားတယ်။

ကျွန်တော် အခန်းတံခါး သွားခေါက်လိုက်တယ်။


မီးခိုးပြာ ညအိပ်ဝတ်စုံနဲ့ သူက အခန်းတံခါး လာဖွင့်ပေးတယ်။ သူက ဘာမေးခွန်းမှ မေးမနေဘဲ အိပ်ရာဘေးမှာ ရှိတဲ့ မျက်မှန်ကို ကောက်တပ်လိုက်ပြီး ကျွန်တော့ကို နွားနို့ပူပူလေးတခွက် ယူပေးတယ်။

မိုးကုပ်စက်ဝိုင်းကနေ မနက်ခင်းအလင်းရောင် ပေါ်ထွက်လာတဲ့အချိန်မှာ ကျွန်တော် ငိုက်မျဉ်းနေပါပြီ။

ဒီတခေါက်မှာတော့ ကြောက်ဖို့ကောင်းတဲ့ အမှောင်ထုကြီးက ကျွန်တော့နားမှာ တဝဲလည်လည် လုပ်မနေတော့ပါဘူး။ ကျိုးချန်ကတော့ 'ကိုယ် မင်းကို ကာကွယ်ပေးမယ်' ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ ပြောနေခဲ့ပါတယ်။

သူက တကယ့်ကို တော်တဲ့ စိတ်ပညာရှင်ပါပဲ။

တတိယမြောက်နေ့မှာ အိပ်ပျော်သွားလိုက်၊ နိုးလာလိုက် ဖြစ်နေပေမဲ့ အိပ်မက်တွေတော့ မမက်တော့ပါဘူး။

စတုတ္ထမြောက်နေ့မှာတော့ မတွေ့ရတာ ကြာနေခဲ့တဲ့ မိတ်ဆွေဟောင်းတယောက်ကို ပြန်တွေ့ရတယ်။

ရွှီရှင်ကျယ် ရောက်ချလာတယ်။ သူ့ကို ကြည့်ရတာ မျက်လုံးတွေ နီရဲနေပြီးတော့ အသက်ပြင်းပြင်းရှူထုတ်နေတယ်။ သူ့ရဲ့ ဒီလိုပုံစံကို မြင်ရတာ ပထမဆုံးပါပဲ။

နွမ်းလျရွက်ဝါWhere stories live. Discover now