အပိုင်း (၂)

1.3K 286 26
                                    

“အရင်ဆုံး ကျုပ်ပြောချင်တာက ကျုပ်တို့ရဲ့သင်တန်းကျောင်းကို စိတ်ပါဝင်စားပြီး ကောင်းကင်ရဲ့အကျိုးကို ထမ်းရွက်ချင်ကြတဲ့ မျိုးဆက်သစ်တွေအများကြီး တွေ့ရတဲ့အတွက် သိပ်ဝမ်းသာပါတယ်။”
 
ကြီးမားကျယ်ပြန့်သည့် ခန်းမဆောင်ကြီး၏ ရှေ့ဆုံးစင်မြင့်ထက်တွင် ကျောင်းအုပ်ကြီးဖန်က အမှာစကားဆိုရှိသည်။ မြင့်မားသောအရပ်၊ ကျစ်လျစ်သောခန္ဓာကိုယ်ဖြင့် ကျောင်းအုပ်ကြီးဖန်သည် ဥပဓိရုပ်ကိုကပင် ဖြောင့်မတ်တည်ကြည်သည့် လူဟု စာတန်းကပ်မထားရုံတမယ်ဖြစ်သည်။

“ကြားထားတဲ့အတိုင်း ကျောင်းအုပ်ကြီးဖန်က တကယ်ခန့်တာပဲ"

ရှန်းရှန်းက ခုထိစကားမပြတ်သေး။ဖော်ရွေခြင်းကင်းသည့် လင်းဟွိုင်နားတွင် တတွတ်တွတ်ကပ်ကာပြောနေပြန်ပါသေးသည်။ သို့ပေမယ့် လင်းဟွိုင်က လှည့်ကြည့်မလာဘဲ ရှေ့တူရူကိုသာ မျက်နှာမူလျက် အာရုံစိုက်နေသည်ကြောင့် ရှန်းရှန်း နှာခေါင်းလေးရှုံ့ကာ မျက်စောင်းထိုးလိုက်မိသည်။

“ဝင်ခွင့်အတွက် လက်ရုံးစွမ်းရည်၊အနုပညာစွမ်းရည်နဲ့ အမဲလိုက်စွမ်းရည် ဆိုပြီး အပိုင်းသုံးပိုင်းခွဲပြီး ယှဉ်ပြိုင်ကြရပါမယ်။အပိုင်း တစ်ပိုင်းစီမှာ အမှတ် ၁၀၀ သတ်မှတ်ထားပြီး ၅၀ ကျော်တဲ့သူတွေက အောင်တယ်လို့ သတ်မှတ်ပါမယ်။တစ်ပိုင်းမှာ ၁၀၀ နား ကပ်ပြီး တစ်ပိုင်းမှာ အမှတ်သုံးလေးဆယ် သာသာ ရရင်လည်းမအောင်မြင်ပါဘူး။သုံးပိုင်းစလုံးကို အမှတ် ၅၀ ကျော်မှာသာလျှင် ကျုပ်တို့တိမ်တမံသင်တန်းကျောင်းကို ဝင်ခွင့်ရရှိပါလိမ့်မယ်။အားလုံးနားလည်ကြပါရဲ့လား။”

တိကျပြတ်သားသည့်အသံအောက်တွင် အားလုံးက နားလည်ပါတယ်ဟု တညီတညွတ်တည်းပြန်လည်ဖြေဆိုကြသည်။

“ဒီနေ့ အားလုံးက လက်ရုံးစွမ်းရည်ကို စတင်ယှဉ်ပြိုင်ကြရပါမယ်။ဘယ်သူနဲ့ဘယ်သူပြိုင်ရမယ်လို့ မသတ်မှတ်ပေးဘူး။ကျုပ်တို့ရဲ့ ငှက်လေးတွေက မင်းတို့ကို အဖွဲ့နှစ်ဖွဲအရင်ခွဲပေးလိုက်ပါမယ်။အဲ့ဒီအဖွဲ့အချင်းချင်းမှာ မဲနှိုက်ကြပြီး ကျရာလူတွေကယှဉ်ပြိုင်ကြပါ။ မင်းတို့ကို အနိုင်အရှုံးသတ်မှတ်ပေးမှာ မဟုတ်ဘဲ အမှတ်ပေးမှာပါ။အရေးကြီးဆုံးအချက်က မျိုးနွယ်စုရဲ့ စွမ်းအားတွေကို လုံးဝ လုံးဝအသုံးမပြုရပါဘူး။ကဲ.. ကျုပ်တို့ရဲ့ငှက်ကလေးတွေကို လွှတ်လိုက်ပါ”

ကောင်းကင်ချစ်ကြိုးWhere stories live. Discover now