စွန်းထင်းပွင့်လွှာ

35 2 0
                                    

နေ့စဉ်ရှင်သန်နေရတဲ့ဘဝကြီးမှာ တွေ့ဆုံကြုံကွဲဆိုတဲ့ ဓမ္မတာ သဘောတရားက လွန်ဆန်လို့ မရမှန်း ကျွန်မ နားလည်ထားပေမယ့် ကျွန်မအတွက်တော့ ကြောက်စရာ အိပ်မက်ဆိုးကြီးပါပဲ။ အဲ့အိပ်မက်ဆိုးရဲ့ တစ်ဖက်မှာ ကျွန်မဟာတွယ်ငြိနှောင်ငင်တတ်တဲ့ သံယောဇဉ်တွေ၊ချစ်ခြင်းမေတ္တာတွေကို ကြောက်ရွံ့ ထွက်ပြေးနေခဲ့တော့တယ်။

လောကကြီးက မတရားဘူး ကံကြမ္မာက ရက်စက်တယ် လို့ အပြစ်တင်လိုက်ဖို့ကို အားအင်ချိနဲ့ ခဲ့ရတဲ့ ကျွန်မဘဝက တစ်ထောင့်တစ်ည ပုံပြင်တစ်ပုဒ် မဟုတ်ပေမယ့် နာကျင်စရာ ဇာတ်ဝင်ခန်းတွေနဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့....။

ကျွန်မ လူလောကထဲ စရောက်လို့ မျက်လုံးသေးသေးလေးတွေ မပွင့်ဘဲ အာခေါင်ခြစ် ငိုယိုသံပြုနေစဉ်မှာပဲ အမေဆိုတဲ့ ကျွန်မကိုမွေးဖွားခဲ့တဲ့ မိခင်ဟာ လောကကြီးထဲက ထွက်ခွါသွားခဲ့တယ်။ ကျွန်မဟာ မိနစ်အနည်းငယ်လေးပဲ တွေ့ဆုံခွင့်ရလိုက်တဲ့ မိခင်ကို တစ်ဘဝစာ ခွဲခွါလိုက်ရပြီ။ ကျွန်မ အသိဉာဏ်မှာ ဘာမှမရှိပေမယ့် ဆာလောင်မှုနဲ့ ငိုကြွေးခြင်းမှာ မိခင်မေတ္တာတွေပါ မရနိုင်တော့ကြောင်း နှလုံးသားက ခံစားသိရှိခဲ့မယ် ထင်ပါတယ်။

မိတဆိုးဖြစ်ရတဲ့ ကျွန်မဘဝမှာ ကျွန်မရဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ အဖေဟာလည်း ကျွန်မကို ဂရုမစိုက်ဘဲ နေ့နေ့ညည အရက်တွေ ဖိသောက်နေခဲ့တယ်။အဖေရဲ့အစ်မ အဒေါ်အပျိုကြီးရဲ့ ကရုဏာသက်စွာ ကြည့်ရှုစောင့်ရှောက်ပေးမှုကြောင့်သာ ကျွန်မ ရှင်သန်နေခွင့်ရခဲ့တယ်။

လူမှန်းသိတတ်စ အရွယ်ကတည်းက ကျွန်မအတွက် တွယ်တာရာ ဆိုတာ ကြီးကြီး တစ်ယောက်တည်းသာ။ အမေဘက်က ဆွေမျိုးတွေက ကျွန်မ မွေးဖွားလာခဲ့လို့ အမေ သေခဲ့ရတယ်ဆိုပြီး ကျွန်မကို မုန်းတီးနေခဲ့ကြတာပေါ့။အမေဟာ သေးငယ်တဲ့ဒီမြို့လေးမှာ ကြွယ်ဝတဲ့မိသားစုတစ်စုရဲ့ အချစ်ခံ အထွေးဆုံးသမီးတစ်ယောက်ဖြစ်ခဲ့ပြီး အဖေက အမေတို့ခြံရဲ့အလုပ်သမားတစ်ဦးဖြစ်တာကြောင့် အဖေနဲ့အမေ တို့မေတ္တာမျှခဲ့ကြတဲ့အခါ အမေ့မိသားစုက ခါးခါးသီးသီး ငြင်းပယ်ကာ ဝေးကွာအောင် အမျိုးမျိုးကြံစည်ခဲ့ကြတယ်တဲ့။အဖေနဲ့ နှစ်ဦးသဘောတူလက်ထပ်လိုက်တဲ့အတွက် အမေ့ကို သမီးအဖြစ်ကနေအမွေပြတ်စွန့်လွှတ်ခဲ့တဲ့ အဘွားဟာလည်း ကျွန်မကို ဂြိုဟ်ဆိုးတစ်ခုလို့သတ်မှတ်ကာ မြေးအဖြစ်အသိမှတ်မပြုခဲ့ပါဘူး။

စွန်းထင်းပွင့်လွှာ (Completed)Where stories live. Discover now