Episode : Grey

5K 541 47
                                    

1810 ခုနှစ်။

ကျေးငှက််များ၏ တကျီကျီအော်သံတို့ စံအိမ်ပတ်ပတ်လည်၌ ကျယ်လောင်စွာပေါ်ထွက်နေသည်။ စံအိမ်ရှေ့၌ ရပ်ကာ မျက်မှောင်များကို ကြုတ်၍ ခြံထဲသို့ ဝေ့ဝဲကြည့်လိုက်ရသည်။ နေရောင်ပြင်းပြင်း ရနေပြီဆိုပေမယ့် မနက်စောစောက မိုးရွာထားသေးသည်။ ဂါဝန်ရှည်၏ အောက်အဖျားစကို ငုံ့ကြည့်တော့ ရွှံ့အနည်းငယ်ပေနေသည်။

"မမလေး မနက်စာစားရပါမယ်"

ခြံအစွန်နားရှိ မြက်ခင်းပေါ်တွင်ထိုင်နေသော ဂျူဟျွန်းမမလေးကို ဆူးလ်ဂီခေါ်တော့ မမလေးက ခပ်ဖြည်းဖြည်းလှမ်းကြည့်လာသည်။ သူနဲ့မျက်လုံးချင်းမဆုံရဲသူမို့ ဆူးလ်ဂီ ခေါင်းကိုငုံ့ချလိုက်ရသည်။

"မနက်စာ မစားတော့ဘူး"

အနားသို့ လျှောက်လာသော မမလေး၏ ခြေဖမိုးများ ဖြူလွှလွှ။ ဖိနပ်မစီးထားပြန်။ ဆူးလ်ဂီ စံအိမ်ကြီးထဲ ပြန်ပြေးဝင်လာလိုက်သည်။ မမလေး၏အခန်းထဲမှ ကတ္တီပါဖိနပ်တစ်စုံကို ရင်မှာပိုက်ပြီး ပြန်ထွက်လာတော့ မမလေးက အိမ်ထဲသို့ရောက်နေပြီ။

"ငါဒီမှာလေ ဖိနပ်တွေက ဘာအတွက်လဲ"

"ဟို .. အပြင််မှာ ဆက်နေ .. ဆက်နေဦးမယ်ထင်လို့ပါ"

"ရတယ် ဒီနားမှာချထားခဲ့။ စီးထားလိုက်မယ်။ ချည်လုံးနဲ့ အပ်တွေ ယူပေးပါလား ဆူးလ်ဂီ"

"ဟုတ်ကဲ့"

ပျာပျာသလဲ အပေါ်ထပ်သို့ ပြန်ပြေးတက်ရသည်။ မမလေးက တုံ့နှေးနှေးဖြစ်နေတာကိုမကြိုက်။ သူကိုယ်တိုင်သာ အရာအားလုံးကို ဖြည်းညှင်းညင်သာစွာ ကြည့်ရှူပြုမူပေမယ့် ဆူးလ်ဂီကိုတော့ သွက်သွက်လက်လက်သာ ဖြစ်စေချင်သည်တဲ့လေ။ စံအိမ်ထဲမှ အခြားအစေခံများကတော့ မမလေးရဲ့မိဘတွေအတွက် မနက်စာကိုပြင်ရင်း အလုပ်ရှုပ်နေကြသည်။

"အပြင်ကိုသွားမယ်။ ဟိုရေကန်နားကို"

"ဟုတ်ကဲ့ မမလေး။ ကျွန်မ သခင်ကြီးကိုသွားပြောလိုက်ဦးမယ်"

ဆူးလ်ဂီ သွားမယ်ကြံတော့ မမလေးက လက်တစ်ဖက်ကို ဖြတ်ခနဲလှမ်းဆွဲသည်။ ထိတ်လန့်တုန်လှုပ်စွာဖြင့် လက်ကိုရုတ်၍ အနောက်သို့ဆုတ်သော် မမလေးက ဆူးလ်ဂီကိုကြည့်ကာ သက်ပြင်းတစ်ချက်ကိုချသည်။

Blue & Grey Where stories live. Discover now