Episode : Blue

1.8K 300 17
                                    

"ငါးရက်!!!"

ဆူးလ်ဂီ မျက်ဝန်းများကျယ်ပြီး အသံကုန်ဟစ်ကာမေးလိုက်မိသည်။ မမလေးက လိုက်ကာကြီး၏တစ်ဖက်မှ တိတ်ဆိတ်နေပြန်သည်။

"အဲ့လူ ပန်းချီဆွဲတာက ငါးရက်ပဲကြာမှာလို့ပြောလိုက်တာလား။ ဒါဆို မမလေးက နောက်ငါးရက်နေရင် ထွက်သွားတော့မှာပေါ့ ဟုတ်လား"

ရေသံကို မကြားရ။ မမလေး ငြိမ်သက်နေသည်။ ဆူးလ်ဂီ လိုက်ကာတစ်ဖက်ကို ဝင်သွားချင်သော်လည်း ရေချိုးကန်ထဲ၌ အဝတ်မပတ်ထားမည့် မမလေးကို သူမ မြင်လျှင် ရူးသွားလိမ့်မည်ထင်သည်။

"ဘာဖြစ်လို့ အဲ့လောက်အံ့ဩနေတာလဲ"

ရေသံကိုကြားလိုက်ရသည်။ အတိအကျဆိုရသော် ရေချိုးကန်ထဲမှထကာ မတ်တပ်ရပ်လိုက်သည့်အသံ။

"မမလေး ဒီမှာ တစ်လလောက်တော့ထပ်ရှိဦးမယ်ထင်ထားလို့ပါ"

"မရှိတော့ရော ဘာအရေးလဲ။ နင့်အတွက် ဒီအိမ်မှာ လစာပေးမယ့် ငါ့အဖေရှိနေမှာပဲကို"

"မဟုတ် .."

ဆူးလ်ဂီ ဆက်မပြောတတ်တော့ပါ။ မမလေး လိုက်ကာအနောက်မှ ထွက်လာသည်။ ပိတ်စကို ခန္ဓာကိုယ်တွင် လျော့တိလျော့ရဲသာပတ်ထားသည်မို့ ဆူးလ်ဂီ အကြည့်လွှဲလိုက်သည်။

"ဆူးလ်ဂီ ဆူးလ်ဂီ ဆူးလ်ဂီ .. ငါတို့တွေက အိပ်မက်မက်နေကြသလိုပါပဲ"

ဂျူဟျွန်းမမလေး၏ ထိုစကားကိုအကြား သူမ မမလေးကို အံ့ဩနာကျင်စွာကြည့်မိသည်။ ကြေးမုံပြင်မှတစ်ဆင့် သူမကို ငေးနေသည့် မမလေး။ သူ့မျက်နှာထက်မှ တစ်စက်ချင်းစီးကျနေသေးသော ရေစက်များ။ အသက်ကိုပြင်းပြင်းရှူနေသည်မို့ အနိမ့်အမြင့်ကို အတိုင်းသားတိကျစွာမြင်နေရသောပခုံးရိုးများ။ ဆူးလ်ဂီ မမလေး၏အနောက်သို့ သွားရပ်လိုက်မိသည်။ မမလေး၏ ပခုံးတစ်ဖက်ပေါ်သို့ သူမလက်ကို တင်ဖို့ ကြိုးပမ်းသည်။ လက်များ တဆတ်ဆတ်တုန်ယင်နေသည်။ ငှက်များ၏အော်သံကိုကြားနေရသည်။ မီးခိုးရောင်များ မျက်လုံးထဲရောက်လာသည်။ ထို့နောက် အပြာရောင်။ နာကျင်မှု၏အရောင်။

"အင်္ကျီ ပေးလေ"

အိပ်မက်ဟုပြောပြီး နှိုးပေးသည့်လူတစ်ယောက်လို မမလေးက သူမကို စတင်စကားဆိုလာသည်။ ခုတင်ပေါ်၌တင်ထားသော ဂါဝန်ကိုယူကာ မမလေးကိုကမ်းပေးတော့ သူမ၏ လက်ဖမိုးများကို ဂျူဟျွန်းမမလေးဟာ သူ့လက်ချောင်းများဖြင့် ပွတ်သပ်ထိတွေ့ပြီးမှ ဂါဝန်အား ဆွဲယူသည်။ ဤအခိုက်အတန့်ကို သူမနှင့်မမလေး သွားနေကျ ဘုရားကျောင်းနားက မြေကြီးထဲမှာဖြစ်ဖြစ်၊ ရေကန်ကြီးထဲမှာဖြစ်ဖြစ် မြုပ်နှံသိမ်းထားချင်မိပါသည်။

Blue & Grey Where stories live. Discover now