အပိုင်း ၅

941 190 11
                                    

ကောင်းကင်ဘုံမှ ကျိန်စာသင့်နေသော မြေခွေးရိုင်း တစ်ကောင်ကို ရင်ဆိုင်လိုက်ရပြီးကတည်းက လင်းဟွိုင်သိလိုက်သည်က ၎င်းမြေခွေးရိုင်းများသည်အလွန်လျင်မြန်သည်ဟုပင်။ ထို့ကြောင့် ပိုပြီး သတိထားရမည်ဟု သူတွေးနေမိသည်။

"ဟိုမှာ. . ."

လက်ညှိုးလေးညွှန်ကာပြောလာသော ရှချန်ကြောင့် လင်းဟွိုင်၏ အတွေးစ ပြတ်သွားသည်။ ညွှန်ပြနေသည့်နေရာ ကြည့်လိုက်တော့ ယုန်ဖြူဖြူ တစ်အုပ်ပင်။

ကျောင်းအုပ်ကြီးဖန်ပြောလိုက်သည့်အထဲတွင် ယုန်ဖြူလေးများကိုလည်း သယ်ဆောင်လာရမည်ဟု ပြောလိုက်သည်မဟုတ်ပါလော။

"ငါတို့သူတို့ကိုခေါ်သွားရမယ်၊ ကြာကြာနေရင် သူတို့အတွက်လည်း မြေခွေးရိုင်းတွေရဲ့ အန္တရာယ် ရှိနိုင်တယ်"

ထိုသို့ ရှချန်ကပြောလာသည့်အခါ လင်းဟွိုင်၏ မျက်နှာတွင် ခပ်တွေတွေ အရိပ်အယောင်တချို့ဖြတ်သန်းသွားသည်။ ရိပ်မိလိုက်သော ရှချန်သည် လင်းဟွိုင်၏ မျက်ဝန်းများကို စိုက်ကြည့်ကာ-

"ဘာဖြစ်လို့လဲ၊ တစ်ခုခုများ ပြဿနာရှိလို့လား"

လင်းဟွိုင်တွေးနေသည်က ထိုယုန်များကို မည်သို့ခေါ်ဆောင်သွားမည်ဆိုသော အကြောင်းပင်။ သူက ထိပ်သီးမျိုးနွယ်စုမှ သခင်လေးဖြစ်သည့်တိုင် မျိုးမစစ်ဟု သမုတ်ခံထားရသူ ဖြစ်သည့်အတွက် နေရာများစွာ၌ အနှိမ့်ချခံရသည်။ ဆိုရလျှင် ယခု ယုန်များကို သယ်ဆောင်သွားရန် သိုလှောင်အိတ်လိုမျိုး လင်းဟွိုင်ထံတွင် မရှိပါ။

"မင်းယုန်လေးတွေကို သဘောမကျဘူးလား"

လင်းဟွိုင် အလျင်အမြန်ခေါင်းယမ်းပြီး-

"မဟုတ်တာ ငါတွေးနေတာက..."

"စိတ်မပူပါနဲ့၊ ငါ့ဆီမှာ သူတို့ကို ထည့်ဖို့ သိုလှောင်အိတ်ပါတယ်"

"အင်း"

လင်းဟွိုင်သည် ရှချန်၏ အကူအညီ ယူလိုက်ရခြင်းကို အနည်းငယ်တော့ စိတ်မချမ်းမသာ ဖြစ်သွားသည်က အမှန်ပင်။

"သွားကြမယ်"

အစပိုင်း၌ တည်ကြည်သည်ဟု ထင်ရသည့်တိုင် လင်းဟွိုင်ရှေ့တွင် ရှားရှားပါးပါး ရွှင်မြူးပျော်ရွှင်နေသော ရှချန်၏ ပုံရိပ်လေးသည် လင်းဟွိုင်၏ စိတ်တွင် နေရာယူထားနိုင်သည်ဆိုသည်ကတော့ အမှန်ပင်။

ကောင်းကင်ချစ်ကြိုးWhere stories live. Discover now