အခန်း၁

15.4K 846 11
                                    

လေရူးသုန်လို့ နွေဦးအစုံ ။
ရွက်ဝါတို့ကဟိုမှ သည်လွင့် ။
ဉသြသံတို့လွမ်းတေးသီတော့ နဂိုကမှ အလွမ်းဓာတ်ခံအပြည့်နှင့် အနီရောင်လွှမ်းသည့်ကျောင်းတော်ကြီးရဲ့ပိတောက်လမ်းထဲ လျှောက်လှမ်း ဝင်လာသည့် အသည်းကွဲသမားလေးတစ်ယောက်၏ ခြေလှမ်းတို့က လေးတွဲတွဲနှင့်...။

မြေကြီးနှင့် ခြေဖဝါးမလွတ်သော ခြေလှမ်းများက နွံထဲမှာရုန်းနေရသည့် နွားသိုးကြီးတစ်ကောင်၏ခြေလှမ်းများနဲ့တူလှသည်။ လူပုံက ဖြူဖတ်ဖြူရော် ၊ ခန္ဓာကိုယ် ဖွဲစည်းပုံက အရိုးနဲ့အရည် ဆိုရလောက်သည်ထိ မဟုတ်ပေမယ့် မြင်သူတိုင်း မှတ်ချက်ပေးကြသည့်က ခွေးပစ်တုတ် ဒါမှမဟုတ် လူ့ဖလန့်လေး  တစ်ယောက်ဟုသာ ....။
လူကသာ ခွေးပစ်တုတ်၊ တပ်ထားရတဲ့ မျက်မှန်ထုက လူပစ်ပေါက်လို့ ချက်ကောင်းထိရင် သေနိုင်လောက်၏ ။

အချုပ်ဆိုရသော် ထိုလူ့ဖလန့်ခွေးပစ်တုတ်လေးနှင့် သူ့မျက်နှာ တစ်ဝက်လောက်ထိ နေရာယူထားသည့် မျက်မှန်ကြီးရယ် ပေါင်းစပ်လိုက်သော် ဖြူဖြူဖွေးဖွေးခွေးစုတ်ဖွားလေးတစ်ကောင်ကိုမျက်မှန်လေးတပ်ပေးထားသလို မြင်သူတိုင်းနှစ်လိုချင်ဖွယ်ကောင်းသည့် ကောင်ကလေးတစ်ယောက် ဖြစ်သွားပါ၏ ...။

ဒါပေသည့် ထိုကောင်လေးတွင် အချစ်ရေး၌အရေးမပါလှသည့်အရာသေးသေးမွှားမွှားများက ပေါင်းစုမိပြီး ကျွန်းအကြီးကြီးခံလို့နေသည်။ သို့သော်ထိုအရေးမပါသောအရာရာသေးသေးများကပင် သူ၏မနက်ခင်းမှစ၍ အိမ်ရာဝင်ချိန်ထိသူနဲ့အတူယဉ်တွဲရှိနေသည်မှာ ဘယ်လိုမှပင်ခွဲမရ။

ယခုလည်း မနေ့ညနေက ကြုံခဲ့ရသည့်အချစ်ရေး ကံကြမ္မာဆိုးကြောင့် သူ၏ဖြစ်အင်မှာ ရယ်ရခက် ငိုရခက် ။ထိုသို့ ကြုံဖူးသည်မှာ တစ်ခါနှစ်ခါမကတော့သော်လည်း အသားမကျနိုင်သေးပါ။ နောက်ပိုးလုပ်ခဲ့သည့် မိန်းကလေးတိုင်းက သူ့ရင်ထဲအသည်းထဲက လိုလိုချင်ချင်နဲ့တောင်းတရသူများဖြစ်နေ၍လည်း သူခမျာ ထိုမိန်းကလေးများထံမှ အငြင်းခံရတိုင်း ခံစားချက်တို့က မသေးလှ။

အရှိန်မသေသေးသော မနေ့ညနေကခံစားချက်လက်ကျန်များကြောင့် တသသနှင့်အရိပ်လိုကြည့်နေတက်သောသူ့အသွင်ပြင်ကိုလည်းဂရုမစိုက်နိုင်။ထို့ပြင် ဘာမှထည့်လာပုံမရသည့် ပျော့တွဲနေသောကျောပိုးအိတ်ကို လက်မောင်းတစ်ဖက်တွင်လျော့ရဲစွာလွယ်ထားပုံနှင့်မျက်လုံးအောက်ကအမဲကွင်းကြီးကြောင့် ရင်ဘတ်တွင်I'm Loserဆိုသည့်ဆိုင်းဘုတ်ဆွဲထားသလို မြင်သူတိုင်းကျစ်စုတ်သက်ချင်စရာလေးဖြစ်နေသေးသည်။
‌လေးပင်လှသော ခြေလှမ်းများသည် နောက်ဆုံးတော့လည်း သူ၏ဦးတည်ရာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါသည်။

အိုဘယ့်~ဖူးစာ(Completed)Where stories live. Discover now