ခြေဖမိုးဖြူဖြူလေးက ညစ်ထေးနေတဲ့ အဝတ်ဖိနပ်လေးကို စီးနင်းပြီး မြို့ပြင်ဈေးထဲကို သွားနေသည်။ ပုဏ္ဍာဘိုးဘိုး၏ ဆင်မြန်ပေးမှုကြောင့် အဝတ်ဖြူလွင်လွင်ကို တစ်ကိုယ်လုံးပေါ်လွှမ်းခြုံ၍ ခါးမှာ ကျစ်ကြိုးများဖြင့် စည်းနှောင်ထားသည်။ ဆံနွယ်များကိုမြင့်မြင့်စည်းနှောင်ထားသော်လည်း ပျော့ပျောင်းတာကြောင့် အတန်ကြာမှာပင် ကပိုကယိုဖြစ်လာကာ ရင်ညွန့်ပေါ်တွင် ဟိုတစ်စဒီတစ်စ ကပ်ညိနေသည်။
ပူအိုက်သည့်ရာသီဥတုဖြစ်တာကြောင့် ဖြူဖွေးသည့် ပခုံးလေးတစ်ဖက်ကို လျစ်ဟာထား၏။ ခြေချင်းဝတ်တွင် ဝတ်ဆင်ထားသော ခြူလုံးလေးများက သူသာအသံမထွက်စေလိုလျှင် ခုန်ပေါက် ဆော့ကစားသည့်တိုင်အောင် အသံတစ်သံမှ မထွက်ပါချေ။
သူငယ်ငယ်က ခိုးယူတတ်တာကြောင့် အဘိုးဖြစ်သူက အပြစ်ပေးခြင်းဖြင့် ထိုခြူလုံးများကို ခြေနှစ်ဖက်တွင် တပ်ဆင်ခဲ့ရ၏။ သူခိုးဘဘနှင့် တွေ့သောအခါ ခြူသံလုံအောင် လမ်းလျှောက်နည်းကို သင်ပေးခဲ့တာကြောင့် သူအိမ်တော်တွေထဲ စားစရာဝင်ရှာလျှက် ယခုဆို စိတ်ပူစရာ မလိုတော့ပေ။
စောရသည် ၁၀နှစ်အရွယ် နှစ်လိုဖွယ်ကောင်းသော အသားရည်နှင့် တင့်တယ်လှပသော ကလေးငယ်မို့ မြို့ပြင်ဈေးက ဈေးသည်တော်တော်များများက ချစ်ခင်ကြပြီး မုန့်ပဲသရေစာများ ကျွေးတတ်ကြသည်။
အိမ်ကနေ အသပြာထုတ်လေးကို သူယူလာခဲ့သည်။ ထို့နောက် ဆန်ရောင်းသည့် ဆိုင်ကငိ ရောက်လျှင်
"ဦးလေးကြီး၊ အသပြာ၂၀နဲ့ဆို ဆန်ငါးပြည်ဝယ်လို့ရပါလား ခင်မျာ"
အသပြာအထုတ်လေးကို ပြ၍ သူမေးလိုက်တော့ ဆိုင်ရှင်က ထိုကလေးလေးကို မျက်မှန်းတန်းမိသည်။
"လူလေးရယ် လွန်ခဲ့တဲ့ ငါးရက်က ဝင်ငွေခွန်တိုးကောက်အမိန့်ထွက်လာတယ်၊ ဝင်ငွေတိုင်းရဲ့ ငါးဖို့တစ်ဖို့ ဆက်သရမယ်ဆိုတာကြောင့် အရင်လို ငါးပြည်မရတော့ဘူးကွယ် လေးပြည်ပဲ ရတော့မယ် လူလေးရဲ့"
စောရမှာ နှုတ်ခမ်းဆူသွားပြီး ဆိုင်ရှင်ကို ဘယ်လိုနှစ်သိမ့်ရမှန်းပင် မသိတော့ပါချေ။ တစ်နေ့တစ်နေ့ စားဖို့သောက်ဖို့ ခက်ခဲလာပေမယ့် ရှင်ဘုရင်ကတော့ တစ်ပါတ်တစ်ခါ ပျော်ပွဲရွှင်ပွဲ ကျင်းပနေလေရဲ့။