Chapter-7(Unicode)

1.5K 179 30
                                    

၂၀၁၄ ခုနှစ်၊ ဇွန်လ။
အဖျောက်မြို့။

လုံးလုံးလျားလျားဝင်ရောက်နေပြီဖြစ်သော မိုးဥတုအတွင်း ကျောင်းသွားရသည့်မနက်ခင်းက စိုစိုစွတ်စွတ်။ ညက ညလုံးပေါက်ရွာထားတ​ဲ့မိုးကြောင့် ကျောင်းလမ်းမတစ်လျှောက်တွင် မိုးရေတို့က ဟိုတစ်ကွက်သည်တစ်ကွက် အိုင်ထွန်းလျက်။

"မိုးထက်ဟန်၊ မင်းနဲ့နွေဦးသက်ထင် အမှိုက်ပုံးသွန်လိုက်နော်"

"ဪ အေး အေး"

အတန်းခေါင်းဆောင်ရန်ပိုင်၏စကားကြောင့် ကျွန်တော် လွယ်အိတ်ချရင်းမှ ခေါင်းညိတ်လိုက်ရသည်။ အမြဲနောက်ကျမှ ကျောင်းကိုလွှတ်တတ်တဲ့ ဆရာလေးကြောင့် အသင်းနေ့တိုင်း ကျွန်တော်က အမှိုက်ပုံးသွန်ရန် တာဝန်ကျရမြဲ။ ကံဆိုးစွာ နွေဦးသက်ထင်နှင့်တစ်သင်းတည်းကျခဲ့သည်မို့ ယခင်ကတည်းက အသင်းတာဝန် တစ်ခါမှမယူခဲ့ဖူးတဲ့ နွေဦးသက်ထင်ဟာ ယခုဆို ပိုဆိုးပေမည်။ ဒါကြောင့် သည်နေ့ကစ အဲတာဝန်ဟာ ကျွန်တော့်ခေါင်းပေါ်သာ လုံးလုံးလျားလျားကျရောက်တော့မည်ဆိုတာကို နားလည်လိုက်သည်။

သည်အတွက်လည်း ထွေထွေထူးထူး မငြူစူနိုင်ပါ။ အရင်အပတ်က ကျွန်တော့်ပယောဂဖြင့် နွေဦးသက်ထင်တို့ အပြစ်ပေးခံရပြီးကတည်းက ရန်အေးအောင် အရာရာ၌ သူတို့အား အလျှော့ပေးဖို့ ဆုံးဖြတ်ထားခဲ့ပြီးသားမို့ပင်။ အပြစ်ရှိသလို ခံစားရမှုအား သက်သာစေရန် စကားပြောတောင်းပန်လိုက်ရမလားဟု တိုင်ပင်တော့ ဘုံပိုင်းစိုးက ခါးခါးသီးသီး ငြင်းသည်။ ကျွန်တော့်အပြစ်မဟုတ်လို့ တောင်းပန်စရာလုံးဝမလိုတဲ့လေ။

မည်သို့ပင် ဆိုစေကာမူ အနည်းငယ်အပြစ်ရှိသည်ဟု ယူဆထားခဲ့မိသည့်အချိန်မှာ သူတို့လေးယောက်ကတော့ ကျွန်တော့အပေါ် ရန်သူသဖွယ် သတ်မှတ်ထားခဲ့ပြီထင်၏။ မထိခလုတ်ထိခလုတ်စကားများဖြင့် ကြုံရင်ကြုံသလို ရန်စတတ်လာခဲ့သည်။

အဆိုးဆုံးကတော့ နွေဦးသက်ထင်ပေါ့။ ခေါင်းဆောင်က သူမဟုတ်ပါဘဲ အချစ်ဆုံးကို အပြစ်အပေးဆုံးဖြစ်တဲ့ ဆရာလေးကြောင့် အထိအနာခဲ့ရဆုံးက သူဖြစ်ခဲ့သည်ဟု ဆယ်တန်းက အစ်ကိုတွေက ပြန်ပြောပြသည်။ နောက်ပြီး သူငိုခဲ့တယ်တဲ့။ အတန်းထဲမှာ ဘယ်လောက်အရိုက်ခံရ ခံရ မဖြုံတဲ့ နွေဦးသက်ထင်က အဲနေ့ကတော့ ငိုတောင်ငိုခဲ့တယ်တဲ့။ မမြင်ခဲ့ရတဲ့ မျက်ရည်တွေဖြစ်ပေမဲ့ ပြန်ကြားရရုံနဲ့တင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တို့က ပိုကြီးထွားခဲ့ရတာပါပဲ။

အပိုဆုလေးမတောင်းချင်ပါ(အပိုဆုလေးမတောင်းချင်ပါ)Where stories live. Discover now