နေဝင်ရီတရောအချိန် တစ်နည်းအားဖြင့် ညနေဆည်းဆာ…။
ကျေးလက်တောရွာတွေအတွက် အလှအပေါင်း ခညောင်းတဲ့ အချိန်ဆိုသော်ငြား မြို့ပြအတွက်တော့ ဆန့်ကျင်ဘက်။ လမ်းမပေါ်ပြေးလွှားနေကြတဲ့ ကားအမျိုးအစားမျိုးစုံက မီးခိုးငွေ့တွေ၊ လူများစွာရဲ့ သက်ပြင်းချသံတွေ…။ ပူလောင်လွန်းတဲ့လေထုမှာ လှပခြင်းက ခညောင်းနိုင်ပါ့မလား။
မိုးမျှော်တိုက်တွေကနေ တစ်စတစ်စထွက်လာတဲ့ လျှပ်စီးမီးရောင်တွေက မြို့ပြရဲ့ ဖန်တီးအလှ။ လရောင်ကိုတောင် မမှန်းဆနိုင်အောင် မီးအလင်းအရောင်မျိုးစုံက ပြည့်နှက်လျက်။
အပြာရင့်ရောင်ဆိုင်ကယ်တစ်စီးက လမ်းမပေါ်မှာ တရိပ်ရိပ်ပြေးလွှားလျက်။ ရွှဲစိုစိုအပြာရောင်က မျက်စိကိုလဲမကျိန်းစေ။ အဖြူတစ်ဝက် အနက်တစ်ဝက်ခြယ်သထားသော ဦးထုပ်က မျက်လုံးတို့မှလွဲကာ တစ်မျက်နှာလုံးကိုဖုံးကွယ်ထား၏။ ထွက်လာသည်ဆိုမှတော့ တစ်နေရာတွင် ရပ်ရစမြဲ။ လှုပ်ရှားခြင်းကင်းမဲ့သွားသော ဆိုင်ကယ်၏ ဦးတည်ရာက ထိုမြို့ရှိ နာမည်ကြီး night club တစ်ခုရှေ့၌။
ဝါမှိုင်းမှိုင်းမီးလုံးတို့ထည့်သွင်းထားပုံရသော ‘Bittersweet’ ဟူသည့် စာလုံးတို့က မှိုင်းဆွေးဆွေး။ အဝင်တံခါးတွင်စောင့်နေသော ဝတ်စုံပြည့်လူနှစ်ယောက်က တင်းကြပ်လွန်းမည့်ဟန်။ ထိုလူနှစ်ယောက်ကို မျက်ကွယ်ပြုရင်း packing ထိုးရမည့်မြေအောက်ထပ်ဆီသို့ ဆိုင်ကယ်က ဦးတည်သွား၏။
ဆေးအဖြူတို့ဖြင့် ဘောင်ခတ်ထားသော နေရာအတွင်း ဆိုင်ကယ်အပြာရောင်ကို ထိုအမျိုးသားက နေရာချသည်။ သော့ကိုလှည့်ကာဖြုတ်ပြီးနောက် အင်္ကျီအိတ်ကပ်ထဲထည့်ထားလိုက်၏။
ဦးထုပ်ကိုချွတ်ကာ ခေါင်းကိုခါရမ်းလိုက်တော့ ထိုးထောင်နေသည့်ဆံနွယ်တို့က ကပိုကရို ကျဆင်းလျက်။ နဖူးပေါ် အလုအယက် နေရာယူနေသည့် ဆံနွယ်တို့က မညီမညာ။ လက်ဖြင့်အနောက်ကိုသပ်လိုက်တော့ ကစဉ့်ကလျားနောက်သို့ရွေ့လျားကြပြန်၏။
ဘယ်ခြေထောက်ကိုမြှောက်ကာ ဆိုင်ကယ်ပေါ်မှ ဆင်းလာသည့်အသွင်က လက်ရာမြောက်စုတ်ချက်တစ်ခုအလား။ ခြေတံရှည်ရှည်တို့က သဘောကျစရာကောင်းလွန်းပါဘိ။