1.5K 161 28
                                    

𝗎𝗇𝗂𝖼𝗈𝖽𝖾::

၂၀၀၀ ခုနှစ်။

••

စက္ကန့်ပိုင်းမျှကြာအောင် လည်နေတဲ့ ဆိုဂျူ ပုလင်းက သူ့ရှေ့တည့်တည့်မှာ ရပ်သွားတယ်။ စိတ်ပျက်သွားတဲ့ သူ့မျက်နှာအမူအရာကြောင့် ဂျေးတို့အုပ်စုက တဟားဟားနဲ့ ပွဲကျကုန်တယ်။ သူများတွေ ခဏခဏ ကျတာတောင် သူက ကံသီပြီး လွတ်နေခဲ့တာ။ အခုတော့ သူလည်း တစ်ခုခုကို ရွေးချယ်ရတော့မယ်။ ဒါကို သူတို့က ကျေနပ်နေကြတာ အသိသာကြီး။

" Truth or Dare ? "

" Dare ! "

Truthကို ရွေးချယ်လို့ မဖြစ်တဲ့ အကြောင်းအရင်းက သပ်သပ်ရှိသလို၊ အတွင်းသိ၊ အဆင်းသိဖြစ်နေတဲ့ ဂျေးအကြောင်းကို သိတာကြောင့် Dareကိုသာ မျက်လုံးစုံမှိတ်ပြီး ရွေးချယ်လိုက်မိတော့တယ်။ ဂျေးက မထေ့တထေ့ ပြုံးတယ်။ မဟုတ်တာ လုပ်ခိုင်းတော့မှာဖြစ်တဲ့အကြောင်း မေးစရာတောင် မလိုဘူး။

ကျန်တဲ့သူတွေကလည်း ဂျေးဆီက ထွက်လာတဲ့ စကားကို စိတ်ဝင်တစားနဲ့ နားထောင်နေကြတယ်။ အင်း ၊ သူအပါအဝင်။

" ဂျောင်ဝန်းနဲ့ တစ်လတိတိတွဲရမယ် ဟီဆွန်း။ "

ဒါဟာ အမှားပဲ။ ဂျေးအကြောင်းကို သိလို့ Dareကို ရွေးချယ်ခဲ့မိတာဟာ သူ့ဘဝရဲ့ပြင်မရတဲ့အမှားတစ်ခု ဖြစ်ခဲ့မယ်ဆိုတာကိုသာ သိရင် သည်ကစားဝိုင်းကို သူဝင်လာခဲ့မှာ မဟုတ်ဘူး။

မျက်လုံးကြီးကြီးတွေက သူ့ဆီကို ရောက်လာတယ်။ ဂျေး၊ ရီခီနဲ့ ဆောနူကပါ ခပ်ပြုံးပြုံး။ ဂျယ်ယွန်းနဲ့ ဆောင်းဟွန်းတို့ ရှိမနေတာက ကံကောင်းတာလား၊ ကံဆိုးတာလားဆိုတာ မသိပါ။ ကာယကံရှင်နှစ်ယောက်ကတော့ မပြုံးနိုင်ဘူး။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ဖို့အတွက်တောင်မှ ခဲယဉ်းနေကြသလို။

" လက်မခံလို့ မရဘူးနော်။ ဒါက ကစားပွဲ စည်းကမ်းပဲ။ "

ကစားပွဲမှာ နှလုံးသားတွေကို မထည့်သင့်မှန်း ဂျေးသိတယ်။ ဒါပေမဲ့ သူမှ မကူညီရင် ပိတ်လှောင်ထားကြတဲ့ တံခါးတွေက ဘယ်အချိန်မှ ပွင့်လာကြမလဲ။ တက္ကသိုလ် နောက်ဆုံးနှစ်တောင် ရောက်နေပြီ။ ကျောင်းပြီးတာနဲ့ သူတို့ အခုလို အချိန်ပြည့်တွေ့ကြဖို့ဆိုတာ မဖြစ်နိုင်တော့မှန်း အကုန်လုံးလည်း သိထားကြပြီးသား။ အချိန်လွန်သွားမှ နောင်တရကြမဲ့ သူငယ်ချင်းနှစ်ယောက်ကို ဂျေး ရင်နာနာနဲ့တော့ မကြည့်နိုင်ဘူး။

𝖢𝖾𝗇𝗍𝗋𝖾 𝖮𝖿 𝖧𝖾𝖺𝗋𝗍𝖻𝖾𝖺𝗍𝗌 @𝗛𝗲𝗲𝘄𝗼𝗻Where stories live. Discover now