[Unicode]
ဒီမြို့ထဲက သူများမျက်ချေးပဲ မြင်တတ်တဲ့သူတွေနှင့် ဝေးရာကို ငါ မင်းကို ခေါ်သွားချင်တယ်
ပြီးရင် မင်း နှုတ်ခမ်းကို နမ်းမယ်
ဒီနေရာရဲ့ လံကြိုးတွေကို ငါတို့ကိုယ်တွေပေါ်က ဖြတ်တောက်ပစ်
အသစ်ကျပ်ချွတ် နယ်ပယ်တခုကို ရှာ
အရာခပ်သိမ်း ပြောင်းလဲသွားမယ့်နေရာ
ငါတို့ နာမည်အသစ်တွေ မှည့်မယ်
ဘယ်သူတွေဘယ်ဝါတွေဟာ ပျောက်ပျက်
နေမင်းလည်း မြေပထဝီကို အပူပေးလိမ့်မယ်
ငါတို့ရဲ့ ခြေဗလာတွေအောက်က အသစ်ကျပ်ချွတ် နယ်ပယ်
အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်
___ Brand New Colony by The Postal Service
~oOo~
နံနက်တုန်းက ရောက်လာသည့် နေ့စဉ် တမန်တော် သတင်းစာကို ဒရေကို လက်ထဲက ချလိုက်သည်။ မဲ့တဲ့တဲ့ မျက်နှာတွင် ဝမ်းနည်းရိပ်ထင်လျက်။ ဒီတော့ ဒီနေ့လည်း သတင်းက ပါမလာပြန်ဘူး။ ဒရေကို တယောက်တည်း တွေးသည်။ သူ့ လူနေအိပ်ခန်းအတွင်းရှိ ခမ်းနားသော ပြင်သစ်စတိုင်တံခါးများမှ အပြင်ဘက်သို့ ငေးမောရင်း ဒရေကို သက်ပြင်းချသည်။ အပေါ်မှ မိုးနေသော ဝရန်တာအလွန်ရှိ မြေထဲပင်လယ်ရှူခင်းသည် နံနက်စောစော နေရောင်တွင် ပိုလို့ပင် ရင်သပ်ရှူမောဖွယ်ကောင်းနေ၏။
ပရိုဗင့် အဲယ်ပ် ကိုဒက် ဇူးယား ဟုခေါ်သော ပြင်သစ်ဒေသက မာလ်ဖွိုင်းစံအိမ်သည် ကျောက်ကမ်းပါးစွန်းတခုတွင် မေးတင်ထားသည်။ ထို့ကြောင့် စံအိမ်မှဆိုလျှင် မြေထဲပင်လယ်နှင့် ပြင်သစ် မြေထဲပင်လယ်ကမ်းခြေဒေသ၏ အသက်ရှူမှားလောက်သော ရှုခင်းများကို မြင်ရသည်။ စံအိမ်သည် အတော်လေး လူသူအရောက်အပေါက်နည်းသဖြင့် မာလ်ဖွိုင်းတို့ အရေးတကြီး လိုအပ်နေသော အနှောင့်အယှက်များမှ အေးငြိမ်းမှုလည်း ရှိသည်။ စံအိမ်ဝင်းကို ဝိုင်းရံထားသည့် အမျိုးမျိုးသော စည်း အစီအရင်များက မက်ဂယ်များကို စံအိမ်အနီးသို့ အလွန်အမင်း နီးကပ်လာခြင်းမပြုနိုင်အောင် အလွယ်ကလေး လုပ်ထားပေးသည်။ သည်စံအိမ်က သူ့အမေ အနှစ်သက်ဆုံးသော ပိုင်ဆိုင်မှုပင်။ ပြင်သစ်မှော်ဥပဒေထိန်းသိမ်းရေးဌာနမှ ပုံမှန် လာရောက်ကြည့်ရှုမှုများ အခါမလပ် ရှိနေသော သူ့ကိုယ်ပိုင်အိမ်ထဲတွင် ထောင်သားတယောက်ဖြစ်နေလင့်ကစား နာစစ်စာသည် တစတစနှင့် အခြေအနေ တိုးတက်ကောင်းမွန်လာသည့်အတွက် ဒရေကို့စိုးရိမ်သောကများ ပြေလျော့သွားပြီး အလွန် စိတ်သက်သာရာရသွားသည်။ လွန်ခဲ့သောနှစ်များအတွင်း သူ့မိခင်ကို ပိတ်ဖုံးထားခဲ့သော ကြောင့်ကြဗျာပါဒနှင့် သောက တိမ်တိုက်ကြီးသည် နောက်ဆုံးတွင် စတင် ပါးလျလာပြီပင်။ ကာလကြာရှည် မှိန်ရော်နေခဲ့သော သူ့မျက်လုံးများမှ အရောင်သည် တဖြည်းဖြည်းနှင့် ပြန်လည်တောက်ပ အသက်ဝင်လာသည်မှာ သေချာ၏။
ESTÁS LEYENDO
အဋ္ဌမနှစ် [ မြန်မာပြန် ]
Fanfiction✔️ original author - tee_gee ✔️ original name - Eighth Year ✔️ story genre - Drarry fan fiction [ COMPLETED ] ဟယ်ရီ ကြယ်တွေဟာ မီးတွေဆိုတာ မင်း ယုံမှားမကင်းလဲ ရှိစေတော့ နေမင်း ရစ်ကျင်းနေတာကို သံသယထားချင် ထားပါတော့ အမှန်တရားကို မုသာဝါဒီလို့ ထ...
![အဋ္ဌမနှစ် [ မြန်မာပြန် ]](https://img.wattpad.com/cover/276484682-64-k733479.jpg)