5.1K 251 15
                                    

ခပ်အုံ့အုံ့တိမ်တိုက်များကိုရှင်းလင်းပြီး နေမင်း၏အလင်းရောင်စတင်ထွန်းတောက်လာချိန်တွင် လူသားတို့သည်လည်း အိပ်ရာမှထ,ကာ တစ်နေ့တာ၏နေ့တစ်ဓူဝကိစ္စများကိုလုပ်ဆောင်ကြရတော့သည်။

မိုးရေစက်တွေဟာ အစိမ်းရင့်ရောင်သစ်ရွက်တွေပေါ်မှာမှီခိုရင်း လေတစ်ချက်အဝေ့မှာ နေရောင်ခြည်၏အလင်းနဲ့ထိတွေ့ပြီး လက်ခနဲတစ်ချက်တောက်ပကာ မြေပြင်ပေါ်သို့တဖြောဖြောပြုတ်ကျကုန်၏။ မြေဆီလွှာသည် မိုးရေစက်တွေကို တဖြေးဖြေးချင်းကုန်စင်အောင်စုပ်ယူပြီး မိုးအဖြစ်ရွာသွန်းနိုင်ရန် နောက်တစ်ကြိမ်တိမ်စိုင်မဲတွေဆီကိုပို့နိုင်ဖို့ နေရောင်ခြည်၏အပူဒဏ်နဲ့အတူ တစ်နေ့တာလုပ်ငန်းခွင်ဝင်ရပေဦးမည်။

ငှက်သံ ၊ ကားစက်သံ ၊ လူတို့၏စကားပြောသံတို့ဖြင့် ကမ္ဘာလောကကြီး စပြီးအသက်ဝင်လာချိန်မှာတော့ ဖြူလွလွမွေ့ယာထက် အိပ်မောကျနေသော လူသားတစ်ယောက်၏ လှပဝိုင်းစက်သောမျက်လုံးအစုံက ဖြတ်ခနဲပွင့်လာတော့၏။

အိပ်တစ်ဝက်၊နိုးတစ်ဝက်အခြေအနေမှသည် လူနဲ့စိတ်နဲ့ပြန်ကပ်ပြီး အသိဝင်လာသည့်အချိန်မှာတော့ သူပထမဆုံးခံစားလိုက်ရတာက ချုိမြိန်သာယာသည့်ကျေးငှက်သံလည်းမဟုတ်သလို ၊ ကဗျာဖွဲ့ကျူးရလောက်သည့် သဘာဝအလှတရားလည်းဟုတ်မနေခဲ့ ။

လည်ချောင်းကွဲအက်တော့မတတ်ဖြစ်နေတဲ့ ရေဆာသည့်ဒဏ်ပင် ။ ရေသောက်ချင်၍ အိပ်ရာမှထ,လိုက်သောလည်း ဝိဥာဥ်လွင့်လုမတတ် ခါးကျိုးခါနီးအခြေအနေကိုသိလိုက်ရသည်။ သူ့ခြေတွေ၊လက်တွေဆိုတာလည်း အကြောသေနေသကဲ့သို့ တစ်လက်မလေးတွေမရွှေ့နိုင်။ မျက်လုံးဖွင့်လိုက်နေတာနဲ့ ဟိုနေရာသည်နေရာ နေရာစုံမှထိုးတက်လာသော နာကျင်ကိုက်ခဲမှုအပေါင်းတို့သည် အနှစ်နှစ်အလလအငြိုးနဲ့ဖြစ်ပေါ်လာသည့်အလား။

ဘာဖြစ်နေသနည်းဆိုတာကို မျက်လုံးစုံမှိတ်ရင်း စိတ်ကိုငြိမ်ငြိမ်ထားပြီး အခြေအနေအရပ်ရပ်ကို သူဆင်ခြင်သုံးသပ်လိုက်သည်။
ကျောင်းသားကျောင်းသူဟောင်းတွေ့ဆုံပွဲ ၊ အရက်သေစာနဲ့ သူငယ်ချင်းများ ပြီးတော့....။ ပြီးတော့ Darwin ။

ငါမင်းကိုမချစ်ဘူးဆိုတာ လုံးဝသေချာတယ်[Complete]Where stories live. Discover now