Ep 19 (U)

46.3K 4.5K 1.5K
                                    

"လေးညို ... ငါ့ကို အမှန်တိုင်းပြောစမ်းပါဟယ်... အခု ရွာထဲမှာ ငါကြားနေရတဲ့ သတင်းတွေက ဟုတ်လား... ဟင်... ဟုတ်သလားလို့ လေးညိုရဲ့"

မမထွေးညိုက မနေ့ညနေကတည်းက မူမမှန်ဖြစ်နေပြီး ဒီမနက် အိမ်မှာ အမေတို့ မရှိတုန်း လေးညိုကို အိမ်ပေါ်ထပ်သို့ ဆွဲခေါ်လာကာ ကျိတ်၍မေးနေသည်။ မမထွေးညိုက မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေပုံရကာ အသံတွေပင်တုန်ရီနေခဲ့သည်။

"ဟုတ်တယ်"

"ဟင်...ဘုရား ဘုရား... မဖြစ်နိုင်တာကိုဟယ်....နင်တို့ လျှောက်နောက်နေကြတာ မဟုတ်လား... ဟင်... လေးညို"

"ငါ ဘယ်တုန်းက အဲ့လိုတွေနောက်ဖူးလို့လဲ"

မမထွေးညိုက အကြာကြီးငြိမ်ပြီး အသံတိတ်သွားသည်။ လေးညိုလဲ ဘာစကားမှ ပြောချင်စိတ်မရှိ။ ရွာထဲမှာ သတင်းတွေပြန့်နေတာက မနေ့ကမှဖြစ်သဖြင့် အမေတို့တော့ သိပုံမရသေး။

"အငယ်... အငယ်ကရော နင့်လိုပဲတဲ့လား"

မမထွေးညိုက ငြိမ်နေရာမှ တိုးလျလျ အသံနှင့်မေးလာသည်။

"အင်း"

"ပန်းအိဖြူ အမေ ဒေါ်အုံးတင်က တောင်ပိုင်းမှာ ပြောနေတယ်... ရွာ...ရွာနာတယ် တဲ့"

မမထွေးညိုက ပြောပြီးအသံတိုးတိမ်သွားကာ ရှိုက်သံထွက်လာသည်။ လေးညို သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ မျှော်လင့်ထားတဲ့နေ့ကို ရောက်လာခဲ့ပြီ။ ထင်ထားတာထက်စောနေတော့ ပိုပြီးတောင် ကျေးဇူးတင်မိသည်။ အငယ်ပြန်မလာခင် ကိစ္စအားလုံးပြီးပြတ်ချင်သည်။ အငယ့်ကို စိတ်အနှောက်ယှက် တစ်စုံတစ်ရာလေးမှ မရှိစေရန် လေးညို အတတ်နိုင်ဆုံး ကြိုးစားရမည်။

"နင်ရော...အဲ့လိုထင်လား မမ"

မမက မျက်ရည်များကိုသုတ်လိုက်ပြီး အိမ်ပေါက်ဝကို ငေးကာပြောလာသည်။

"ဆုတောင်းမှားကြတာနေမှာပါ... ဘဝဆက်တိုင်း ဆိုတဲ့ ဆုတွေကိုများ တောင်းခဲ့မိကြသလား လေးညိုရယ်... သစ္စာတရားကြောင့် ဆုတောင်းပြည့်ခဲ့ရပေမဲ့ ကုသိုလ်ကံကြောင့် ဒီဘဝမှာ နင်တို့နှစ်ယောက်လုံး မျိုးတူယောက်ကျားလေးတွေ ဖြစ်လာကြရတာမျိုးလား"

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now