"လွှတ်
ငါပြန်မလို့"မေ့စကားကို မနာခံစွာဘဲ ကိုင်ဆွဲထားပြီးသားလက်သွယ်သွယ်နုနုကို နှားဖျားဆီ ပြေးကပ်စေလိုက်၏။
အိုး မေ့ရဲ့လက်က ပိုးသားလေးထက်ပင် နုညံ့ပါ၏။ ပြီးတော့ မေ့လက်ကနေ စစ်ကရက်နံ့ကို ရ၏။
"မေ စစ်ကရက်သောက်ထားတယ်ပေါ့"
လှလွန်း၊ ကျော့ရှင်းလွန်းတဲ့ လက်ကလေးကို လွှတ်မပေးဘဲ အနီရောင်ဆိုးဆေးတို့ ကပ်တွယ်နေတဲ့ လက်ချောင်းသွယ်သွယ်တွေကို နှမြောတသစွာ ကြည့်ရင်းပြောမိ၏။ ပြီးနောက် မေ့မျက်နှာလှလှကို ရှုစားမိပါသည်။
မေဟာ အောက်နှုတ်ခမ်းပါးရဲ့ ညာဘက်စွန်းကို အပေါ်သွားဖြင့် ဖိကိုက်ထား၏။ ရူးရချည်ရဲ့။
ကမ္ဘာနှစ်ခြမ်းကွဲသွားရင် မေရှိတဲ့အရပ်မှာပဲ ကျွန်မ ရှင်သန်နိုင်တော့မည်ဟူသောအကြောင်းအရာသည် ထိုအပြုအမူအောက်မှာပဲ ပို၍သေချာသွားရပြီ။"ကျွန်မ ပြန်ချစ်ရမယ့်လူတွေများပေမယ့် ကျွန်မချစ်မှာ မေတစ်ယောက်တည်းဆိုတာ ယုံ"
မေက ကျွန်မလက်ထဲကနေ သူ့လက်ကို ရုန်းထွက်ကာ အိမ်ထဲမှ သူ့ကားဆီသို့ ခပ်သွက်သွက်လျှောက်၏။
"နေပါအုံး။ ကျွန်မ ခြံတံခါးဖွင့်ပေးမယ်"
ကျွန်မရဲ့ အပျိုကြီးကတော့ ကောက်ရှာပြီ။ ချွဲချွဲနွဲ့နွဲ့မဟုတ်ဘဲ စိတ်လိုက်မာန်ပါလေး ကောက်ပုံက တစ်ဘဝလုံးပင် ပုံအောချင်စရာကောင်းပါ၏။
~
တစ်ညလုံး ကြည်နူးပီတိဖြစ်စွာ အိပ်ပျော်ပြီးသည့်နောက် မနက် ၆နာရီခွဲခန့်တွင် ကျွန်မနိုးလာ၏။
ညက မေ့ကိုပင် အိပ်မက်ထဲမြင်မက်သေးသည်။အိပ်မက်ထဲတွင်မူ ကျွန်မ ကိုဇွဲဆီက မျိုးယူစိုက်ထားသော စံပယ်ပန်းနှင့်ယုဇနပန်းဖြူဖြူတို့က ပွင့်နေကြပြီဖြစ်သည်။ မေက ကျွန်မကို စိတ်ကောက်တာကြောင့် ကျွန်မမှာ ထိုပန်းတွေကိုခူးပေးပြီး မေ့ကို ချော့ရသည်တဲ့။ စိတ်မဆိုးတဲ့ ရက်များကျပြန်တော့ မေဟာ သူ့ကိုယ်က ပန်းနံ့ကို ကျွန်မကို ဖွဖွနမ်းဖို့ ခွင့်ပြုသတဲ့။ မင်းစိုက်ထားတဲ့ပန်း မင်းလည်းနမ်းဖို့သင့်တယ် လို့ ဆိုသတဲ့။
![](https://img.wattpad.com/cover/321510917-288-k53741.jpg)