အပိုင်း (၁၉)

3.5K 432 46
                                    

ဒီနေ့ အလုပ်ကိစ္စနဲ့ နောင်ချိုသို့သွားရသည်။ နေ့ချင်းပြန်ဖြစ်ပေမယ့် အိမ်ပြန်လမ်းပေါ်ရောက်တော့ ည၇နာရီခွဲပြီဖြစ်၏။ တစ်နေ့တည်းနဲ့ အားလုံးပြီးအောင် စီစဉ်ခဲ့ရသည်မို့ လူကလည်း အတော်အသင့်ပင်ပန်းနေပြီ။

သို့ပေမယ့် ကျွန်မမှာ မာနကြီးပေမယ့် ဂရုစိုက်ပေးမယ့် ချစ်သူရှိတာမို့ အိမ်ပြန်ချိန်တွေ ဘယ်လောက်နောက်ကျ နောက်ကျ စိတ်က မြူးထူးလျက်ရှိသည်။ အခုလည်း မေက ကျွန်မအတွက် ညစာပြင်ထားမည်ဟု ပြောသည်။

ကျွန်မ Ruby mart ကိုရောက်တော့ မေ့ဆီက ဖုန်းဝင်လာသည်။ ဟင်းရည်ထည့်ဖို့ ပန်းကန်လုံးလိုနေလို့ လှမ်းမေးခြင်းဖြစ်သည်တဲ့။

"နံရံက ပန်းကန်စင်မှာရော မ‌ရှိတော့ဘူးလား‌ မေ"

"ငါကြည့်ပြီးပြီ ဘယ်မှာမှမရှိတော့ဘူး"

"ဪ ကျွန်မ သတိရပြီ။
အရင်အပတ်က မေမေထည့်ပေးလိုက်တဲ့ ပန်းကန်ခွက်ရောက်တွေ ကျွန်မအခန်းဘေးက အခန်းလွတ် ဗီရို‌အောက်ထပ်ထဲမှာ ရှိတယ်မေ။ အဲ့ဒီကပဲ ယူသုံးလိုက်နော် "

"ဟုတ်ပြီ။ ဒါဆိုလည်း ငါဖုန်းချမယ်"

မေက ထိုသို့ပြောပြီး ဖုန်းချသွားသည်။ ကျွန်မ ကားကို နည်းနည်းအရှိန်တင်လိုက်သည်။

ပြောလို့သာပြောရသည်။
ကျွန်မကားကို အရှိန်မြှင့်မောင်းတယ်ဆိုတာက မေ ပုံမှန်မောင်းတာကိုတောင် မမီပါဘူး။

မြေဩဇာဆိုင်နားက အကွေ့သို့အရောက် ကျွန်မမျက်လုံးများ ပြာဝေသွားရ၏။

ဆယ်ကျော်သက်အရွယ်ကောင်ကလေးနှစ်ယောက် ဆိုင်ကယ်ကို မီးမဖွင့်ပဲ မောင်းလာသည်။ ဟွန်းလည်း မတီးကြ။ သူတို့လည်း ရှောင်နိုင်လို့၊ ကျွန်မလည်း ဘရိတ်အုတ်နိုင်လွန်းလို့ တော်ရာကျသည်။ မဟုတ်ရင် သူတို့လည်း နိဗ္ဗာန်ရောက်၊ ကျွန်မလည်း တရား‌ရုံးရောက်ဖြစ်ရအုံးမည်။

အိမ်ရောက်ခါနီးမှ ဖြစ်ရတယ်လို့။ ကျွန်မ လွန်စွာပင် စိတ်တိုမိပါသည်။ အဲ့ဒီလို စည်းကမ်းမလိုက်နာတဲ့၊ မသေမချာတွေ ပြုမူကြတဲ့ ရမ်းရမ်းကားကားတွေနဲ့တွေ့တဲ့အခါ ကျွန်မတို့လိုလူတွေ အာရုံနောက်ရသည်။

She is a LawyerWhere stories live. Discover now