7.7K 272 5
                                    

နေခြည်နွေး

နေခြည်နွေးသည် ကိုယ့်ကိုယ်ကိုယ် ရုပ်ရှင်ထဲရောက်နေသည်ဟု ခံစားနေမိသည်။ "Kuch Kuch Hota Hai" ဟူသော ဘောလိဝုဒ် ရုပ်ရှင်ဇာတ်ကားထဲတွင် ရှာရွတ်ခန်းတစ်ယောက် 'ဆင်းမလား' နွေရာသီစခန်း၌ ရောက်နေသော သူ့သမီးအန်ဂျလီဆီသို့ သွားသည့် ခရီးတွင် ကားပျက်၍ လမ်းကြုံလိုက်စီးသောကားပေါ်မှ ဇာတ်ဝင်ခန်းကို သွားသတိရသည်။ ကိုယ့်အဖြစ်သည် ရုပ်ရှင်ရိုက်နေသည်နှင့်ပင် တူသေးသည်။

သို့သော် ယခု ကိုယ် ကြုံနေရသည်က ရုပ်ရှင်ရိုက်နေသည်မဟုတ်။ ရှာရွတ်ခန်းကမှ ကောက်ရိုးပုံပေါ် ထိုင်လိုက်ရသေးသည်။ ကိုယ်ထိုင်နေရသည်က ကြက်သွန်နီအိတ်ကြီးပေါ်မှာ။ ခရီးသည်များ ပြည့်ကျပ်နေ၍ နေရာလည်းမရွှေ့သာ။ ခြေထောက်ကလေးဆင်းထားရ၍ တော်သေးသည်။ နင်းထားရသည့် အိတ်ကလည်း ကြက်သွန်နီအိတ်ပင်။ ဒီတစ်နှစ်တော့ ကြက်သွန်နီကို မမြင်ချင်တော့ပြီ။ ကားအမိုးတန်းနှင့် ခေါင်းက လက်တစ်ဝါးစာသာ လွတ်တော့သည်။

နှစ်နှာရီနေမင်းကလည်း ပူပြင်းတောက်လောင်နေသည်။ နေပူကျဲတဲ အမိုးမပါသော ဆယ်ဘီးကားကြီးပေါ်တွင် ကြက်သွန်နီအိတ်ကြီးပေါ် မသက်မသာ ထိုင်နေရသော မိန်းကလေးတစ်ယောက်ကို မြင်ယောင်ကြည့်ကြပါလော့။ တစ်ချက်တစ်ချက် ငံပြာရည်အနံ့ကလည်း နှာခေါင်းထဲသို့ ရစ်သီရစ်သီ လာတိုးနေသည်။ နေရခက်လိုက်သည့် ဖြစ်ခြင်း။

ကိုပေါက်သာ ငါ့ကို ဆိုင်ကယ်နှင့် တင်ခေါ်သွားလျှင် ဒီလိုမျိုး နေနေရမှာမဟုတ်။

"တောလမ်းက ကြမ်းတယ်ဟ၊ နင်ပင်ပန်းလိမ့်မယ်၊ ကားနဲ့ပဲလိုက်၊ ပြီးတော့ ချောင်းဖြတ်ရမှာ။ဆိုင်ကယ်နဲ့ဆို ဆင်းလျှောက်နေရလိမ့်မယ်၊ ကားနဲ့ပဲ လိုက်၊ ကားက အိမ်ထိပ်အရောက်ပဲ"

ဪ .... ကိုပေါက်၊ ကိုပေါက်၊ ငါ့ကို တစ်ကွက်ပြလိုက်တာကိုး။ အင်း။ သူ့ကိုလည်း အပြစ်မဆိုသာ၊ ကိုယ်ကိုယ်တိုင်ကလည်း တောကားကို ဒီလိုမှ တွေးမထားဘဲ၊ ဇိမ်နှင့် လိုက်ရမည်ဟု တွေးမိခဲ့သည်လေ။ ရှိစေတော့ ရှိစေတော့။

"အဟွတ်၊ အဟွတ်၊ အဟွတ်"

ဖုန်လုံးကြီးများက အလိမ့်လိုက် အလိမ့်လိုက် တက်လာ၍ မြင်ကွင်းများက ဝါးသွားသည်။ ဘေးနားမှ အဒေါ်ကြီးများကတော့ ရိုးနေပြီထင်သည်။ ပဝါကြီးများ ပတ်သူပတ်၊ ဂျုံခမောက်များ ဆောင်းသူဆောင်းနှင့်။

နေခြည်ဖြာမှနွေးသောကြောင့်Where stories live. Discover now