၈ (ZG)

569 18 0
                                    

အိမ်ဆိုသည်မှာ မည်မျှပင် ကြီးကျယ်ခမ်းနားပါစေ ထိုအိမ်ထဲ၌ နေကြသော မိသားစုဝင် တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာမထားလျှင် အိမ်ဟု မခေါ်တွင်နိုင်ပါပေ။ ထိုအဓိပ္ပာယ်နှင့် ဆန့်ကျင်စွာ အိမ်ဆိုသည်မှာ မည်မျှပင် သေးနုပ်သော အနုပ်စုတ်ကုပ်စုတ် တဲအိမ်ကလေးဖြစ်ပါစေ ထိုအိမ်ထဲ၌ နေကြသော မိသားစုဝင် တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာထားလျှင် အိမ်ဟု ခေါ်တွင်နိုင်လေသည်။

နေခြည်နွေးရဲ့ အိမ်ကရော ဘယ်လိုအိမ်လဲဟု မေးခွန်းထုတ်မိသည်။ ချစ်ခြင်းမေတ္တာ အတော်အသင့် နှင့် လည်ပတ်နေသော အိမ်တစ်အိမ်ဟုသာ ဖြေရပါမည်။

အိမ်ရှေ့တွင် ကားရပ်၏။ အပြုံးဖြင့် ကြိုဆိုနေသော အမေ့အကြည့်က ကိုပေါက် ခေါင်းမှ ပတ်တီးကို မြင်သောအခါ စိုးရိမ်ပူပန်သော အကြည့်သို့ပြောင်းသွားသည်။ ကားပေါ်မှ ဆင်းသည်နှင့် ကိုပေါက်သည် အမေ့အား ပြေးဖက်သည်။ အမေသည် ခြေဖျားထောက်ကာ ကိုပေါက်နဖူးကို မမီ့တမီ့လှမ်းနမ်းသည်။ သားအမိနှစ်ယောက် အလွမ်းသယ်နေကြပုံကို နေခြည်နွေးပြုံးကြည့်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။

ကောင်တာတွင် အလုပ်များနေသော အဖေ့ကို တွေ့ရ၏။ နေခြည်နွေးကို မြင်သွား၍ ရောက်ပြီလား နေနေဟု တစ်ခွန်းလှမ်းပြောသည်။ ထို့နောက် စာရင်းစာအုပ်ကို ပြန်ကြည့်ကာ ဧည့်သည်များနှင့် စကားပြန်ဆက်နေလေသည်။

နေခြည်နွေး၏ အခန်းကလေးသည် ရှင်းသန့်နေ၏။ ဖွမည့်ပိုင်ရှင် မရှိ၍ ပစ္စည်းတို့သည် နေရာတကျ။ အိပ်ရာခင်းနှင့်ခေါင်းစွပ်တို့သည် ဖြူဖွေးသန့်ပြန့်နေ၏။ အမေလျှော်ပေးထားတာ ဖြစ်ရမည်။ ကျောပိုးအိတ်ကို ကုလားထိုင်ပေါ်သို့ တင်လိုက်ပြီး စာအုပ်စင်ရှိရာသို့ ပြေးသွား၏။ ထို့နောက် စာအုပ်စင်ကို ဖက်သည်။ လက်ဖြင့်သိုင်းမရ၍ လက်နှစ်ဖက်ကို ဆန့်ကာ နဖူးကို သစ်သားတန်းနှင့် ထိထားလိုက်၏။

"လွမ်းနေခဲ့တာ ငါ့ရဲ့ စာအုပ်စင်လေး"

နေခြည်နွေးသည် တစ်ကိုယ်တည်းရေရွတ်ကာ ထိုအနေအထားဖြင့် အတော်ကြာ ငြိမ်သက်နေမိ၏။ ထို့နောက် လက်နှင့် အနီးဆုံး စာအုပ်တစ်အုပ်ကို ဆွဲယူ၍ ဖွင့်သည်။ စာအုပ်ထဲသို့ မျက်နှာအပ်ကာ နှာသီးဖျားဖြင့် အနံ့ရှူသည်။

နေခြည်ဖြာမှနွေးသောကြောင့်Where stories live. Discover now