Chapter 2 : Part 3

3.1K 548 12
                                    

Unicode

အကြောင်းမူ ထိုအချက်က အတော်လေး အဓိပ္ပါယ်မရှိသည့်ပုံပေါက်တာကြောင့် သူ ထန်ကောကိုတောင် မပြောဝံ့ပေ။
    
သူ၏ အရင်ဘဝမှာ စူးယိရန်ဟာ မိဘမဲ့တစ်ယောက်ဖြစ်သည်။ သူဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ရ၏။ ထိုစဥ်တုန်းက တိုင်းပြည်စီးပွားရေးက ခက်ခဲနေဆဲကာလဖြစ်သည်မို့ မိဘမဲ့ဂေဟာအတွက်ရသော ရန်ပုံငွေဟာ အလွန်အကန့်အသတ်ရှိသည်။ဂျုံ့မုန့်ဖြူဖြင့်လုပ်သော ပေါင်မုန့်နှင့် ဟင်းရွက်တို့ဖူးစွပ်ပြုတ်ဟာ ရှားရှားပါးပါး စားရတာမျိုး ဖြစ်၏။
    
သို့သော်လည်း ကံကောင်းစွာပင် မိဘမဲ့ဂေဟာ၏ ဂေဟာမှူးအဖိုးဟာ သူ့အပေါ် အလွန်ကြင်နာသည်။ ဂေဟာက သူငယ်ချင်းတွေကလည်း အလွန်ကြင်နာ၏။ အင်တာနက်ပေါ်ရှိ ကောလဟာလပေါင်းစုံထဲက ဂေဟာတွေလို မဲနက်နေတာမျိုးမရှိပေ။
    
တစ်နေ့မှာတော့ ဂေဟာမှူးအဖိုးဖြစ်သူက ရှောင်ယိရန်လေးကို ရုတ်တရက်ဘေးနားခေါ်ကာ ချိုချဥ်လေးတစ်လုံး တိတ်တိတ်လေးပေးခဲ့လေသည်။

ယင်းက သူကလေးဘဝမှာ ပထမဆုံးစားဖူးခဲ့သော ချိုချဥ်ဖြစ်ပြီး ချိုမြသောအရသာလေးဟာ သူ့ပါးစပ်ထဲမှာ မှော်ဆန်စွာ အရည်ပျော်သွား၏။ သူအလွန်ပျော်ရွှင်ခဲ့လေသည်။
    
ရှောင်ယိရန်လေးဟာ ထိုအရသာကို ဘယ်တော့မှ မေ့မရခဲ့ချေ။ ထိုကတည်းကစ၍လည်း အချိုပွဲကို စွဲလန်းလာခဲ့တာ ဖြစ်သည်။
    
သူအရွယ်ရောက်လာ၍ အလုပ်လုပ်ရင်းစာလေ့လာရချိန်မှာတော့ သူ့အားလပ်ချိန်များကို ဆိုင်သေးသေးလေးခင်း၍ ဟင်းရွက်ရောင်းတာနှင့် အချိန်ပိုင်းအလုပ်များစွာ လုပ်သည့်နေရာမှာ အသုံးချခဲ့သည်။အများဆုံးလုပ်ဖြစ်သည့် အချိန်ပိုင်းအလုပ်ကတော့ ကျောင်းနားက အချိုပွဲဆိုင်မှာဖြစ်သည်။
    
ကောလိပ်ကနေ ဘွဲ့ရပြီးနောက်မှာတော့ သူဟာ မနက် ၉နာရီကနေ ညနေ ၅နာရီထိလုပ်ရသည့် ရုံးတစ်ခုမှာ အလုပ်ဝင်ခဲ့ရကာ စီးပွားရေးလုပ်ငန်းလေးတစ်ခုစချင်သည့်ဆန္ဒတို့ကို ထောင့်ကပ်ထားခဲ့ရ၍ နောက်ဆုံးမှာတော့ လုပ်ငန်းစဖို့အတွက် အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
    
ပထမနှစ်နှစ်တာ ဆင်းရဲဒုက္ခတို့ကျော်ဖြတ်အပြီးမှာတော့ သူဟာ ကိုယ်ပိုင်အချိုပွဲဆိုင်လေး အောင်အောင်မြင်မြင်ဖွင့်နိုင်သွားကာ စီးပွားရေးက စတင်တိုးတက်လာသည်။
    
မမျှော်လင့်ထားစွာပင် အလုပ်ကြိုးစားပြီး ကောင်းမွန်သည့်ဘဝလေးရရုံရှိသေး ရုတ်တရက် သူသေဆုံးသွားကာ တခြားကမ္ဘာမှာ ၆နှစ်အရွယ် ကလေးလေးဖြစ်လာခဲ့လေသည်။
    
ကံကောင်းစွာဖြင့် သည်ကမ္ဘာက သူ့ယခင်ကမ္ဘာနှင့် သိပ်မကွာလှကြောင်း စူးယိရန် သိခဲ့ရသည်။တချို့နေရာကနာမည်များနှင့် ယဥ်ကျေးမှုတချို့ ကွဲပြားသွားတာကလွဲ၍ ကျန်သောအရာများက သူ့ယခင်ကမ္ဘာကို ကော်ပီကူးထားသည်ဟုပင် ပြော၍ ရသည်။
    
သည်ကမ္ဘာမှာက သူ့မှာမိဘတွေတောင် ရှိနေဆဲဖြစ်ပြီး ချစ်သူတစ်ယောက်လည်းရှိပေသည်။
    
သူနှင့် ကုယွမ်းထင်က အတူကြီးပြင်းလာကြတာဖြစ်၏။ သူတို့ဟာ အလယ်တန်းကျောင်းကနေ တက္ကသိုလ်ထိ အတူတက်ကြကာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ လက်ထပ်ခဲ့ကြသည်။ ခုချိန်ထိ စူးယိရန်ဟာ ပျော်ရွှင်စွာ နေထိုင်ခဲ့ရလေသည်။
    
ယခင်ဘဝနှင့် နှိုင်းယှဥ်ပါက မရှိတာဆို၍ အချိုပွဲဆိုင်လေးသာပင်။
    
ခုတော့ ထိုဆန္ဒက ပြည့်ဝသွားပြီ ဖြစ်သည်။
    
စူးယိရန်က ထိုအကြောင်းတွေးမိသွားရင်းမှ အိမ်မှာကျန်ခဲ့သည့် စိတ်အခြေအနေမကောင်းသော ကုယွမ်းထင်နှင့်ပတ်သက်ပြီး စိုးရိမ်သွားသည်။ ထို့ကြောင့် သူက ဆိုင်ကို ဆက်လက်နေရာချမနေတော့ဘဲ ကြိုသော့ခတ်ကာ အိမ်ပြန်လာခဲ့လိုက်သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now