1

760 9 0
                                    


ကိုကို သိပါစေ

အခန်း(၁)

" ကိုကိုရေ "

မိုးတိမ်တစ်ယောက် အောက်ထပ်မှကြားလိုက်ရသော အသံကြောင့် ကုတင်ပေါ်မှပင် လိမ့်ကျချင်သွားသည် ။
သို့သော် လိမ့်ကျ၍မဖြစ်  ။

မယ်မင်းကြီးမ က အခြားအရာများကိုသာ မကြားလိုက်ရှိမည် ။ မိုးတိမ် နည်းနည်းလေးလှုပ်လိုက်သည်နှင့် သရဲကဲ့သို့ရောက်လာကာ မိုးတိမ် ဘာဖြစ်သည် ဘာလုပ်သည်ကို မေမေတို့အား ပြန်ဖောက်သည်ချပြီး တဟီးဟီးတဟားဟား လုပ်မည်ဖြစ်သည် ။ ထို့ကြောင့် မိုးတိမ် မေမေတို့အား မကြောက်လျှင်သာရှိမည်  အနှီ မယ်မင်းကြီးမကိုကား သရဲတစ္ဆေထက် ကြောက်ရသည် ။ ဤသို့ တွေးနေစဉ်မှာပင် လှေကားမှ တဒုန်းဒုန်းပြေးတက်လာသံကို ကြားရသည် ။ ထို့ကြောင့်

" အင်း "

ဟု ညည်းကာ အကြောဆန့်ပြီး ရေချိုးခန်းထဲသို့ ပြေးဝင်လာခဲ့သည်  ။

             

မိုးသား ကိုကို့ အခန်းတံခါးကိုခေါက်ပြီး အခန်းထဲဝင်လာသောအခါ အခန်းထဲတွင် ကိုကိုကရှိမနေ ။

ရေချိုးခန်းထဲမှ ရေသံကြားရသဖြင့် ကိုကို ရေချိုးခန်းထဲရောက်နေကြောင်း သိလိုက်ရသည် ။ ထို့ကြောင့် ကိုကို့ကိုစောင့်ရင်း အခန်းထဲသို့ ဝေ့ဝဲကြည့်လိုက်သည် ။ တစ်ခန်းလုံး ရှုပ်ပွနေသောကြောင့်

" ဒီကိုကိုကတော့လေ "

ဟု ခပ်တိုးတိုးရေရွတ်လိုက်ပြီး ရှုပ်ပွနေသော အိပ်ရာကို အရင် သပ်ရပ်ပေးလိုက်သည် ။ အိပ်ရာသိမ်းနေစဉ်မှာပင် ကိုကို့ဆီမှ အမြဲရနေကျဖြစ်သော ဆပ်ပြာနံ့ကို ရလိုက်သည် ။ ထို့ကြောင့် အိပ်ရာသိမ်းနေရင်းနှင့်ပင် လှည့်မကြည့်ပဲ

" ပြီးပြီလား "

ဟု မေးလိုက်သည် ။

သို့သော် .... ကိုကိုက ပြန်မဖြေသဖြင့် အနောက်သို့လှည့်ကြည့်လိုက်ပြီး

" မတ်တပ်ကြီးအိပ်ငိုက်နေတာလား "

ဟု မေးလိုက်သည် ။ ထိုအခါမှ ကိုကိုက ပေစောင်းစောင်းဖြင့်ကြည့်ပြီး

" မိုးသားညို  မင်းအခုဝင်နေတာ ယောက်ျားလေးတစ်ယောက်ရဲ့အခန်းနော် "

ဟု ပြောသည် ။ ကိုကို့စကားဆုံးသောအခါ ရယ်လိုက်ပြီး

" ကိုကိုရယ်  အပိုတွေလုပ်မနေပါနဲ့  သားသိတတ်တဲ့အချိန်ကတည်းက ကိုကို့အခန်းထဲဝင်ထွက်နေတာကိုပဲ "

ဟု ပြောလိုက်သည် ။

သို့သော် ... ကိုကိုက လက် မခံပဲ အတင်းအပြင်ထွက်ခိုင်းနေသောကြောင့် အခန်းအပြင်သို့ ထွက်လာခဲ့ရသည်  ။

" ဟွန့်  တော်တော်ပိုတဲ့ ကိုပို "

            

မိုးတိမ် အပေါ်ထပ်မှဆင်းလာသောအခါ မိုးသားက ထမင်းစားပွဲတွင်ထိုင်ကာ မေမေနှင့်စကားပြောနေသည် ။ မိုးတိမ်ကိုတွေ့သောအခါ လှမ်းပြုံးပြပြီး

" ကိုကို breakfast "

ဟု ပြောသည် ။ ခေါင်းခါပြရန် စိတ်ကူးလိုက် မိသော်လည်း မိုးသားက သိသမျှ ကျန်းမာရေးနှင့်ပတ်သတ်သော ဗဟုသုတများကို ဋီကာဖွင့်ကာ အကျယ်ချဲ့နေမည်စိုးသောကြောင့် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည် ။ ဤသို့ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်နှင့် မိုးသားက

" အာ "

ဟု ပြောကာ ပါးစပ်ထဲသို့ ဘိန်းမုန့်နှစ်စိတ်ကို ထိုးထည့်လာသည် ။ နောက်ထပ် ဘာမှမပြောနိုင်သေးခင်မှာပင် ပါးစပ်ထဲသို့ နောက်ထပ်ဘိန်းမုန့်စိတ်များက ရောက်လာပြန်သဖြင့် မျက်လုံးပြူးလိုက်ပြီး မိုးသား ကို

" ငါ့ကိုနင့်အရုပ်မှတ်နေလား "

ဟု မေးလိုက်သည် ။ ထိုအခါမှ မိုးသားက ဟီးကနဲ ရယ်လိုက်ကာ

" ကိုကိုကလဲ "

ဟု ပြောသည် ။ ထို့နောက် ထိုင်ရာမှထလိုက်ကာ

" မြန်မြန်လုပ် ကိုကို  သားဆိုင်ဖွင့်ရအုံးမယ် "

ဟု ပြောပြီး မေမေ့ ပါးကိုနမ်းကာ အိမ်ထဲမှ ပြေးထွက်သွားသဖြင့် မိုးတိမ်လဲ ရေတစ်ခွက်ကိုကောက် မော့ကာ

" ဟင်း "

ဟု သက်ပြင်းချပြီး မိုးသား အနောက်သို့ ပြေးလိုက်လာခဲ့ရသည်  ။

170119351

ကိုကို သိပါစေ (Mini story)Donde viven las historias. Descúbrelo ahora