Part 2 ( Uni + Zawgyi )

936 116 6
                                    

မွှေးပျံ့သင်းသည့် ခရေပန်းရနံ့လေးနှင့်အတူ ဒေါ်မမလေး နိုးထလာခဲ့သည်။ သင်းထုံမွှေးသော ခရေပန်းကုံးလေးဘေးတွင် အငွေ့မပျယ်သေးသည့် ကော်ဖီပူပူလေးကိုပါ တဆက်တည်း တွေ့ရသည်။ ခရေပွင့်လေးများသည် လန်းဆန်းလွန်းနေသောကြောင့် ဒေါ်မမလေး ပြုံးချင်သလိုလိုဖြစ်သွားသည်။ နေ့လယ်စာနှင့် မနက်စာပေါင်းစားရလောက်အောင် အိပ်ရထနောက်ကျတတ်သူက ဒီနေ့မနက်အစောကြီး ပန်းသွားကောက်ထားဟန်တူသည်။ ညကလည်း ညည့်နက်မှ ပြန်လာသည်။ သမီးဖြစ်သူအကြောင်းကို ကောင်းကောင်းသိသည့် ဒေါ်မမလေး မနေ့ညက အိမ်ပြန်ကို စောင့်မနေတော့။ ဒေါ်ဆွေလဲ့ကို မြင်သည်နှင့် သူမအကြောင်း သွားတိုင်တော့မည်ဆိုတာ နားလည်ပြီး အမေဖြစ်သူအိပ်ပျော်သည်အထိ စောင့်ပြီးမှ ပြန်လာလိမ့်မည်ကို ကြိုသိထားသည်။

ခရေပန်းကုံးကို လှမ်းယူကာ နမ်းရှိုက်သည်။ သင်းပျံ့သောရနံ့က အိပ်ရေးမဝသေးသည့် ခေါင်းတစ်ခုလုံးကို ကြည်လင်သွားစေသည်။ မျက်နှာသစ် သွားတိုက်ပြီးမှ အဝတ်အစားလဲကာ ဆံထုံးကိုဝိုက်ကာ ခရေပန်းကုံးကို ပန်ဆင်လိုက်သည်။ သကြား၊ နွားနို့မှအစ မိခင်စိတ်ကြိုက် ပြင်ပေးထားသည့် ကော်ဖီကို လှမ်းယူလိုက်ပြီး အိမ်ရှေ့ကို ထွက်လာခဲ့သည်။ စားပွဲဝိုင်းတွင် မနက်စာ စားနေသည့် နဒီသည် မိခင်ဖြစ်သူကိုမြင်သည်နှင့် သွားဖြူတန်းပေါ်အောင် ပြုံးပြသည်။

"ညက မေကြီးရာ.. ဟိုကောင်တွေ စကားမပြတ်တာနဲ့.. ဟီး.."

ဒေါ်မမလေး မျက်နှာတည်တည်နှင့် ရှေ့မှာဝင်ထိုင်သည်။ အီကြာကွေးကို ဖဲ့စရာမလိုအောင် ကတ်ကြေးနှင့်ညှပ်ပေးနေသည့် နဒီ့ကို မျက်စောင်းထိုးသည်။ သာမန်အချိန်များတွင် ထပါဦး၊ စားပါဦး နှင့် မိမိကသာ အာပေါက်အောင်ပြောရဆိုရသည်။ အခုတော့ အဆူမခံရအောင် သူက လိုလေသေးမရှိ လိုက်လုပ်ပေးနေသည်။

"နဒီ"

"ဗျ"

"စာမရဘူးဆိုပြီး မနေ့က ကျူရှင်ပြေးပြန်ပြီ.."

"စာမရလို့ ပြေးတာပေါ့ မေကြီးရ.."

"ကျူရှင်ပြေးနေမှတော့ စာ ရမလား.. ဟင်.....ဒီနှစ် စာမေးပွဲမဖြေလို့မရဘူး.."

ညီမျှခြင်းကင်းသောသီအိုရီWhere stories live. Discover now