Chapter 39
ကျောက်လင်းယွီက သူ့ကို အေးအေးဆေးဆေး အချိန်ယူရန်ပြောပြီး နောက်တစ်နေ့တွင် ပန်းလေးပွင့်လုံး ပွင့်လန်းလာပြီး အတွင်းရှိ ဝတ်ဆံဖိုတို့မှာလည်း အပြည့်အဝ ဖွံ့ဖြိုးလာတော့သည်။
ထိုသည်ကို တွေ့လိုက်ရသော ရမ်ရှန့်က ဝတ်ဆံဖိုကို ကျင့်ကြံရေးနည်းလမ်းတစ်ခုဖြင့် ရုပ်ဖျက်ကာ အလယ်ရှိ အမဝတ်ဆံကို နက်နက်နဲနဲ စိုက်ကြည့်နေလိုက်သည်။
သူသည် ထိုပန်းများ ပွင့်လာရန် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော်ငြား ယခု ပွင့်လန်းလာချိန်တွင်လည်း ဘာဆက်လုပ်ရမလဲ မသိတော့ချေ။ သူ၏ သီးသန့် helmet ကို ထုတ်ကာ အွန်လိုင်းစာသင်ခနသို့ သွားလိုက်သည်။ စာသင်ချိန်ပြီးနောက် "မာရှယ်ကြီးက ဒီကမ္ဘာပေါ်မှ တုနှိုင်းမဲ့ " အမည်ရ ဂရုချက်သို့သွားကာ အခြားသူများနှင့်အတူ မာရှယ်၏ သတင်းစကားများကို ဖလှယ်လိုက်သည်။
"မာရှယ်ကလေ စွမ်းရည်တွေ ပျောက်ကုန်ပြီဆိုပေမယ့် ဒီရက်တွေမှာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီးတော့ အရင်ကထက်တောင် ပိုသန်မာလာသလိုပဲ ..."
"ငါလည်း ပထမတပ်ဖွဲ့က မာရှယ်ရှိနေတဲ့ တပ်ရင်းကို သွားပြီး ဓာတ်ပုံခိုးရိုက်ခဲ့သေးတယ် လိုချင်ကြလား ..."
"ဓာတ်ပုံတွေကို မြန်မြန်ချပြလိုက်ပါ ဘယ်သူမှ နင့်ကို မသတ်ပါဘူး ငါတော့လေ မာရှယ့်ကို တစ်သက်လုံး မျက်မြင်ကိုယ်တွေ့ မတွေ့ရတော့မှာကို ကြောက်လိုက်တာ ဓာတ်ပုံတွေကိုပဲ သိမ်းနိုင်တော့မှာလား မသိပါဘူး ..."
.....
ရမ်ရှန့်လည်း ခဏမျှ လျှောက်ကြည့်လိုက်ပြီးနောက် လူတိုင်းက မာရှယ်ကို အကောင်းသာပြောကြကြောင်း တွေ့လိုက်ရသည်။ သူတို့၏အချစ်ကိုပင် ဝန်ခံကြသူများ ရှိနေသော်ငြား မည်သူကမှ သူလောက် မရင်းနှီးကြပေ။ ထို့ကြောင့် စိတ်ကျေနပ်အားရစွာဖြင့် ကြယ်တာရာကွန်ယက်မှ ထွက်လာလိုက်သည်။ ကျောက်လင်းယွီသည် သူ့အပိုင်ဖြစ်ကာ နေ့တိုင်း မြင်တွေ့နိုင်ပြီး ညတိုင်းလည်း အတူတူ အိပ်နေကြောင်းကိုတော့ ထိုသူများကို ပြောပြမည် မဟုတ်ချေ။