မုန်း၍ဖြင့် မနေရစ်စေလို_(၁)

321 8 0
                                    

      ပြတင်းပေါက်မှန်မှတစ်ဆင့် အပြင်ဘက်သို့ မမှိတ်မသုန်စိုက်ကြည့်နေမိသည်မှာ မည်မျှ အချိန်ကြာသွားခဲ့ပြီမသိ။လက်တွင် ပတ်ထားသည့်နာရီကို ကြည့်ဖို့ရန်လည်း စိတ်မပါလှသဖြင့် အချိန်ကြာမြင့်စွာ အပြင်ဘက်သို့သာ‌ ငေးကြည့်နေမိသည်။ခေါင်းထဲတွင် မူးနောက်နောက်ဖြစ်နေသည့် ခံစားချက်နှင့်ရင်ဘတ်ထဲတွင် မအီမသာဖြစ်နေသည့် ခံစားချက်တို့သည် အချိန်နှင့်အမျှ ပို၍သာ ဆိုးလို့လာသည်။ဇိမ်နှင့် ထိုင်နေရပါသော်လည်း ခန္ဓာကိုယ်မှာ သက်တောင့်သက်သာ မရှိလှ။ကားမှန်တံခါးသည် တစ်ဝက်တစ်ပျက်သာ ပိတ်၍ ရသဖြင့် အကြိုအကြားမှ တဟုန်ထိုး တိုးဝင်လာနေသည့် စိမ်းဆတ်ဆတ်လေအေးကြီးသည် မောလျနေသည့် စိတ်နှလုံးကို ပို၍ ညစ်ညူးစေလေသည်။
      ‌သူမသည် လေးကန်သောသက်ပြင်းများကို မကြာခဏချလျှက် ဆံနွယ်များအကြားသို့လည်း လက်ချောင်းများဖြင့် မကြာခဏ ထိုးသပ်‌နေမိ၏။'တကယ်ဆိုလျှင် ကားမစီးခဲ့သင့်ဘူး'ဟူသော နောင်တရသည့်စိတ်သည် အမြုတ်ကဲ့သို့ တစီစီတက်နေလျှက် 'ငါဟာ ကားစီးဖို့‌ကို ဘယ်လိုကနေဘယ်လို စိတ်ကူးရခဲ့ပါလိမ့်' ဟုတွေးမိကာ ကိုယ့်ကိုယ်ကို နားမလည် ဖြစ်ရသည်။ဘဝဟူသည် နောင်တတို့နှင့် ပြည့်နှက်နေသည့် အတိုင်းအရှည်မသိရသော မှောင်မဲနေသည့် ချောက်နက်ကြီးတစ်ခုသဖွယ်ဖြစ်သည်။ထိုချောက်နက်ကြီးထဲသို့ ဆင်းသက်ခဲ့ပြီးကာမှတော့ နောင်တဟူသောအရာများနှင့် ဘဝကြီးသည် ကင်းနိုင်ဖွယ်ရာမရှိ။နောင်တဟူသည် နောင်လွန်မှ ရတတ်၍ နောင်တပါတကားဟု စိတ်အတွင်းသဏ္ဍာန်၌ သိရချိန်တွင် အရာအားလုံးသည် နောက်တွင် ကျန်ရစ်ခဲ့ရပြီဖြစ်သည်။ထိုသဘောတရားကို မလွန်ဆန်နိုင်သော သူမသည် နောင်တတစ်ခုကို ဆုပ်ကိုင်၍ ခရီးသည်တင်ကားတစ်စီး၏ တစ်ခုသော ထိုင်ခုံတစ်ခုတွင် ထိုင်ရင်း စိတ်နှလုံးငြှိုးချုံးစွာ လိုက်ပါနေရလေသည်။
       အစွမ်းထက်လှပါသည်ဟူသည့် ကားမူးပျောက်သည့်ဆေးကို သောက်၍ အမူးအမော်အတွက်ကောင်းလှပါချည်ရဲ့ဟူသော နားထင်ကပ်ကိုကပ်ကာ ညစ်ညစ်ကျေအောင်ထောင်းထားသည့်ဂျင်းဖတ်မျာကို လက်ကောက်ဝက်တွင်အုံ၍ တိတ်နှင့်ကပ်တွဲထားပါသော်လည်း ထူး၍ သက်သာသည်ဟု မထင်မိ။သူမသည် ကားဝင်းထဲမှ သနခါးဘဲကြားနှင့် ဈေးသည်အမကြီး၏ ရွှီးရွှမ်းဖြီးဖြန်းခြင်းကို ခံလာရပြီ ထင်သည်။ပုံမှန်အတိုင်း မူးမြဲမူး‌နေကာ အိပ်လို့လည်းမရ။ထိုင်နေလို့လည်း အဆင်မပြေ။ယခုမူ သူမသည် ကားမူးသဖြင့် နှစ်ကြိမ်အန်ခဲ့ရပြီးပြီဖြစ်သည်။နောက်တစ်ကြိမ်အန်ချရန်လည်း ခန္ဓာသည် အချက်ပြလျှက်ရှိသည်။
        လမ်းသည် မဟာမြိုင်‌ဘေးမဲ့တောကိုဖြတ်၍ ဖောက်ထားသောလမ်းဖြစ်သဖြင့် ရန်ကုန်-မန္တလေး ဟိုင်းဝေးလမ်းမကြီးများကဲ့သို့ ညီညာ‌ချောမွေ့မှုမရှိဘဲ ခဲပြုတ်ကျောက်ပြုပ်များနှင့် ပြည့်နှက်‌နေကာ အကွေ့အကောက်ကလည်း များလှသည်။ထိုလမ်းပေါ်တွင်သွားနေရသည့် ခရီးသည်တင်ကားထဲမှ ခရီးသည်များ၏ အဖြစ်သနစ်သည် ဆီးဖြူသီးများကို ဆန်ကောထဲတွင် ထည့်၍ လှိမ့်သကဲ့သို့ ဖြစ်နေ၏။ရှေ့သို့ ငိုက်ခနဲ ယိုင်၍ ကျသွားလိုက်၊လေပေါ်သို့ မြှောက်ခနဲ ခုန်၍တက်သွားလိုက်၊ညာဘက်သို့ ယိုင်ခနဲ ဖြစ်သွားလိုက်၊ဘယ်ဘက်သို့ ယိမ်းခနဲဖြစ်သွားလိုက်နှင့် ဣန္ဒြေရရနေရသည်ဟူ၍ သိပ်မရှိ။ကားဆရာသည် ကားထွက်ခွင့်ကလေးရခိုက် အော်ဒါရသမျှ ကုန်မာ၊ကုန်ခြောက်၊ကုန်စို သိမ်းကျုံး၍ တင်လာသဖြင့် ကားတစ်စီးလုံး ပြည့်ကျပ်ကာ ရှုပ်နေသည်။‌ရှေ့ခုံ၏အောက်သူမ၏ခြေထောက်အရင်းနားမှာတောင် ကွမ်းခြင်းတောင်းနှစ်လုံးရှိနေသဖြင့် သူမမှာ ကောင်းစွာပင် ခြေဆန့်ခွင့်မရ။ကား၏ ခေါင်းမိုးပေါ်တွင် တင်လာသည့် ငါးခြောက်တောင်းများဆီမှ အနံ့သည် တစ်ချက်တစ်ချက်တွင် သူမ၏ နှာသီးဖျားများအထိ နယ်ကျွံ၍ ဝင်လာတတ်သေးသည်။ဘုရားစူး ခရီသည်တင်သည့်ကားပါဟု ကျိန်တွယ်၍ ပြောရမတတ်။
      ကားသည် ကျွီခနဲရပ်သွားလိုက် အထုတ်များနှင့် လူတစ်ယောက်တက်လာလိုက်၊တစ်ဖန်ထပ်ပြီး ကျွီခနဲရပ်သွားလိုက် နောက်ထပ် အထုတ်များနှင့် လူတစ်ယောက်ထပ်ပြီးတက်လာလိုက်နှင့် ကုန်ပစ္စည်းများ စီ၍ထပ်ချထားသည့် လျှောက်လမ်းသည် တဖြည်းဖြည်းနှင့် လူတွေနှင့်ပါ ပြည့်၍လာသည်။ကြာ‌လာတော့ ကားဝမ်းထဲတွင် ထိုင်စရာ နေရာလပ်ပင် မရှိတော့။သို့‌သော် ကားဆရာသည် ရပ်တန့်လိုဟန် မရှိသေး။လမ်းဘေးတွင် လူရိပ်ရိပ်မြင်လိုက်တိုင်း "ကလေးကိုနော်...က‌‌လေးကို"ဟု ‌အားကုန်အော်ဟစ်လျှက် သူ၏ မေတ္တာအိမ်ကလေးကို အစ‌ဉ်ဖွင့်၍ ကြိုဆိုနေလေသည်။ကားတစ်စီးတွင် တင်ခွင့်ရှိသည့် သတ်မှတ်ကုန်တန်ချိန်သည် ကားဆရာ မေ့ထားခဲ့သော အတိတ်တစ်ခုဖြစ်ပုံကျ၏။     
        ကားဆရာသည် သူ၏ ခရီးသည်များအပေါ် ဝန်ဆောင်မှုကလည်း ကောင်းသေးသည်။ဦးဘိုဖြူ၏ 'မြေနီလမ်းလေးကို မင်းသတိရပါ'သီချင်းကို အသံထွက်အားကောင်းလှသည့် ဆောင်းဘောက်နှင့် မုံရွာမှ ထွက်ခဲ့သည့်အချိန်မှစ၍ ထပ်ကာထပ်ကာ ကျော့၍ ဖွင့်‌‌ပေးထားသည်။အစက‌တော့ သူမသည် သီချင်းသံမြူးမြူးကြောင့် ကြည်နူးသလိုလို ခံစားရသော်လည်း ကြာလာတော့ သူမသည် ထိုသီချင်းသံ‌ကြောင့် ရင်တွေပူနားတွေညည်းကာ ပို၍ပင် မူး‌နောက်လာသည်။ဘာမျှမပြောဝံ့သဖြင့်သာ နားညီးညီးနှင့် ဒီအတိုင်း ကျိတ်မှိတ်သည်းခံ၍ နား‌ထောင်နေရတော့သည်။
      သူမကသာ နားညည်းသည်ဟု ခံစားနေရသည်။ကား‌၏နောက်ဆုံးတန်းတွင် ထိုင်လိုက်ကြသည့် မှော်ပြန် ယောက်ျားလေးခရီးသည်အုပ်စုသည် ယစ်ရွှေမြူးကာ ထိုသီချင်းကို တပျော်တစ်ပါးကြီး လိုက်ဆိုနေကြသည်။ထပ်ကာထပ်ကာ ကျော့၍ ဖွင့်နေသည်ဟူ၍လည်း ငြိုငြင်ကြပုံမရ။သူမနှင့် ထိုလူများသည် ဘာများ ထူးထူးခြားခြား ကွာခြားနေသည် မသိ။ထိုလူများသည် ကားစီးရင်း ပျော်ပျော်ပါးပါး နှင့်သီချင်းလိုက်ဆိုနိုင်ကြသည်။အခြား‌သောသူများသည်လည်း ၎င်းတို့ သီချင်းဆိုနေကြသည်ကို ကြည့်၍ တပြုံးပြုံးနှင့်ဖြစ်နေနိုင်ကြသည်။သူမတစ်ယောက်သာလျှင် မျက်မှောင် တကုပ်ကုပ်၊သက်ပြင်းတချချနှင့်။

မုန်း၍ဖြင့် မနေရစ်စေလိုWhere stories live. Discover now