မုန်း၍ဖြင့် မနေရစ်စေလို_(၄)

95 1 3
                                    

        'ဥဩ ဥဩ'ဟူသည့် မြည်သံကို အရပ်မျက်နှာတိုင်းမှ ကြားနေရသည်ဟုပင် ထင်မိသည်။ခဏလောက်တိတ်သွားလိုက် တစ်နေရာဆီမှ ပြန်ပြီးပေါ်လာလိုက်နှင့် အသဲကွဲနေသောဥဩများသည် ဤတောကြီးထဲတွင် အတော်ပေါများပုံရ၏။ဥသြများမြည်တွန်‌နေကြသည့်အသံရယ်၊ခပ်ဆိုးဆိုးခပ်ကြမ်းကြမ်း လေးရူးတစ်သိုက်ရယ်၊အသက်ရှုလိုက်တိုင်း တဖြုတ်ဖြုတ် ကြွေကျနေကြသည့် ဝါကျင့်ကျင့်သစ်ရွက်အိုအိုများရယ်၊အရိုးပြိုင်းပြိုင်းဖြစ်လုနီးပြီဖြစ်သော လှပခြင်းမရှိတော့သည့် ရှည်မျောမျောပင်စည်များရယ်..မြင်တွေ့ရသမျှအရာရာသည် ခြောက်‌သွေ့မှုန်မှိုင်းနေကာ စိတ်ချမ်းမြေ့ဖွယ်ဟူ၍ စိုးစဉ်မျှမရှိ။‌ဒါ့အပြင်‌ တောမီးလောင်ခြင်းများမှ ထွက်ပေါ်လာသည့်မီးခိုးများက မြူခိုးအသွင်ယူ၍လေထုထဲတွင် သိပ်သည်းစွာ စိုင်းနေသေး၏။မြေရှိုးမိုးပျံနိုင်သည့် ဈာန်ရ‌ ရသေ့များပင် ဉာဏ်မခိုင်ဈာန်ယိုင်လျောရပါသည်ဆိုသော တပေါင်းလ၏ မြင်ကွင်းသည် သူမ၏ မျက်လုံးများထဲတွင် အနည်းငယ်မျှပင် လှ၍မနေ။
         ငယ်စဉ်က 'ဥဩ ဥဩ' ဟု အော်သည်ကို 'ချိုဘူး ချိုဘူး လို့အော်တာ'ဟု သူတကာနှင့် ငြင်းခုန်ခဲ့ဖူးတာ အမှတ်ရမိသည်။ဥဩနှင့်ကျေးလက်၊ကျေးလက်နှင့်ဥဩ၊ဥသြနှင့်‌နွေဦး၊‌နွေဦးနှင့်အတာ၊အတာနှင့်တူးပို့တူးပို့သီချင်းကတော့ ခွဲထုတ်၍ မရစ‌ကောင်းသော လိုက်ဖက်ညီလွန်းလှသည့် တွဲဖက်များဖြစ်နေကြတုန်းပင်။ယခုနေအချိန်များဆိုလျင် ရွာဦးကျောင်းဆီမှ "မျှော်ရှာပြီထင်ပါလေရဲ့ လှမ်းလာမယ့် ရက်ကို ရက်ကို....တွက်ခါဆိုလက်ရေချိုး....တစ်မိုးနှောင်း တစ်ဆောင်းသစ်ရင်ဖြင့် မောင်ပြန်ချိန် တွေ့ရင်တော့ဆို....မှာတမ်းစာများရေးဖို့မလို အခါခါခွန်းချို သာပါလိမ့်မယ်ရွှေကျီးညို" အစချီသည့် တွံတေးသိန်းတန်၏ သီချင်းကို မနက်တစ်ခါ နေ့လည်တစ်ကျော့ ညနေမှောင်ရီပျိုးတစ်ဖြန် မှန်မှန်ဖွင့်နေရောမည်။တစ်ခါတစ်ရံ 'ပြေးကြိုတော့ထွေးညို' သီချင်းကို ‌ညအိပ်ရာဝင်ခါနီး ကိုးနာရီမထိုးမှီ သောသရှင်များနားဆင်ရန် ဖွင့်ပေးနေပေလိမ့်မည်။
       ငယ်စဉ်အရွယ်ကတော့ ထိုသီချင်းသံများကိုကြားရလျှင် ဘာကြောင့်ရယ်မှန်းမသိ ပျော်တာလိုလို၊ကြည်နူးတာလိုလို ခံစားချက်မျိုးဖြစ်တတ်သည်။ထိုသီချင်းဖွင့်သံကြားရပြီဆိုလျှင်လတ်သည် အိမ်ရှေ့၊အိမ်နောက်နှင့်ကားလမ်းမကြီးပေါ်အထိ တက်၍ လှည့်ပတ်ပြေးလွှားကာ ခုန်ပေါက်‌‌ပျော်နေတတ်သည်။အသက်ကြီးလာပြန်တော့လည်း ထိုသီချင်းများကို ကြားရတိုင်း တစ်ယောက်ယောက်ကို လွမ်းလာသလိုလို ခံစားချက်များဖြစ်ပေါ်လာတတ်ပြန်သည်။ငယ်ဘဝကို ပြန်လွမ်းမိသွားသလိုလို၊အိမ်ကိုလွမ်းမိသလိုလိုနှင့် မယ်မယ်ရရ အမည်တပ်၍မရသော ခံစားချက်တစ်ခုသည် ရင်အတွင်းတွင် ဖြစ်ပေါ်လာတတ်စမြဲ။
          ယခု‌နောက်ပိုင်း လတ်တို့ဘက်ရှိ ရွာများတွင် အလှူပွဲနှင့်မင်္ဂလာပွဲများရှိပြီဆိုလျှင် ကာလသား၊ကာလသမီးနှင့်ကလေး၊လူကြီး၊‌ယောက်ျား၊မိန်းမအားလုံး ဆောင်းဘောက်စ်ကြီးများနှင့် ဒီဂျေဖွင့်ကာ ညနက်သည်အထိ ကတတ်ကြသည်။သို့သော်လည်း ပွဲသိမ်းကြပြီဆိုလျှင်တော့ 'ပြေးကြိုတော့ထွေးညို‌'လေးဖွင့်၍ သိမ်းတတ်ကြမြဲဖြစ်သည်။ထွေးညိုကို မဖွင့်မချင်း ပွဲသိမ်းသည်ဟု မယူဆကြ။‌ထွေးညို မဖွင့်လျှင် ပွဲဆက်ရှိ‌သေးသည်ဟု ယူဆကာ မဏ္ဍပ်ကနားအနီးတွင် ပေကပ်ကပ်နှင့် မအိပ်ဘဲ စောင့်နေတတ်ကြသည်။ထို့‌ကြောင့် ပွဲသိမ်းချိန်ကျပြီဆိုလျှင် 'စက်ဆရာ ထွေးညိုဖွင့်လို့ရပြီဗျို့' ဟု မမေ့မလျော့အသံပြုကြရ ၏။ထိုအခါမှ ပျော်တတ်သော ကျေးတော၏ လူထုသည် ထွေးညိုကလေးနှင့် တိတ်မှသာ နှစ်ခြိုက်စွာ အိပ်ပျော်ကြရတော့သည်။‌‌ထွေးညိုနှင့်ရွှေကျီးညိုသည် အလှူပွဲနှင့် မင်္ဂလာပွဲများတွင်လည်း ပါသည်။ဝါဝင်နှင့်ဝါကျွတ်ပွဲများတွင်လည်း ပါသည်။ကထိန်ခင်းဖို့ အချိန်နီးကပ်လာပြီဟေ့ဆိုလျှင်လည်း ရွှေကျီးညိုကလေးကို ည၊မနက် မှန်မှန်ဖွင့်ကာ ဆော်ဩတတ်သည်။ဘုရားပို့လျှင်လည်း ရွှေကျီးညိုကလေးဖွင့်၍ပွဲစကာ ထွေးညိုကလေးဖွင့်၍ ပွဲသိမ်းတတ်သည်။ဘုရားပွဲမှန်သမျှမှာလည်း သူတို့နှစ်ဦးသည်မပါမဖြစ်ပါတတ်ပြန်သည်။က‌လေးပီပီ အပျော်မက်သော လတ်အဖို့‌ ရွှေကျီးညိုနှင့် ထွေးညိုသည် ပွဲလမ်းသဘင်များကို သယ်လာတတ်သော ရွှေလတ်ငွေလတ်ခေါ်တတ်သည့် ရွှေဇီးကွက်ကြီးသဖွယ် ဖြစ်ခဲ့သည်။ထိုသီချင်းများသည် သူမ၏ ငယ်ဘဝအမှတ်တရပေါင်းများစွာကို သိမ်းဆည်းပေးထားသည့် အဖိုးတန်ပန်းချီကားကြီးတစ်ချပ်သဖွယ်ဖြစ်သည်ဟု ဆိုရလျှင်လည်း မမှား။
      ယခုတော့ ရွှေကျီးညိုနှင့်ထွေးညိုကို မကြားရသည်မှာ ချင်းတောင်ပေါ်ရောက်ပြီးကတည်းကဆို‌တော့ နှစ်ပင်ချီနေပြီ။လူ့စိတ်ဆိုသည်မှာလည်း ခက်တော့ အခက်သားပင်။သည်သီချင်းများကို အင်တာနက်မှ ဒေါင်းလုတ်ရယူ၍ နားထောင်လို့ ရနေရက်သားနှင့် ရွာဦးဘုန်းကြီးကျောင်းမှ ဖွင့်သည့်အသံလေးကိုမှ ချည်ချင်းတက်နေမိသည်။အလှူပွဲနှင့်မင်္ဂလာပွဲများက ဖွင့်သည့် ထွေးညို နှင့် ရွှေကျီးညိုကလေးကိုမှ သာ၍ နားဝင်ပီယံရှိလှသည်ဟု ထင်နေမိသည်။သည်အတိုင်း ဘလိုင်းကြီး နား‌ထောင်နေရသည်မှာ ဆားနှင့် မနယ်ထားသည့် အသားကင်တစ်ခုကို စားနေရသည့်နှယ် ခံတွင်းမတွေ့လှ။လတ်သည် ထိုကဲ့သို့ တောရိပ်၊‌ကျေးရိပ်များ ပြည့်နေသည့် ရွှေကျီးညိုနှင့် ထွေးညိုကို ချစ်သော်လည်း ယခု‌ခေတ် ကျေးတောဒေသများကို ကိုယ်စားပြု၍ သီဆိုထားပါသည်ဆိုသည့် သီချင်းများကျပြန်တော့လည်း နားမထောင်တတ်သလိုခံစား၍လည်း မရတော့ပြန်။စင်စစ်မူ ရွှေကျီးညိုသီချင်းသည် ကျေးလက်သဘာဝကို ရေးဖွဲ့ထားသည်လည်းမဟုတ်။ဒါကို ဘာကြောင့်များ သည်သီချင်းသံကြားတိုင်း ရွာနှင့်အမေ့အိမ်ကို လွမ်းနေရသည်မသိ။

မုန်း၍ဖြင့် မနေရစ်စေလိုWhere stories live. Discover now