Part - 1

419 37 11
                                    

လွယ်အိတ်တစ်လုံးကို ပခုံးပေါ်တင်ပြီး လက်မှတ်ရုံနားမှာ ရပ်နေမိတာ အကြာကြီး။ ရာသီဥတုပူပူကြားထဲမှာ လူတွေရှုပ်ယှက်ခက်နေလျက်ရှိသည်။ စျေးသည်တွေရော ၊ ခရီးသွားတွေရော ၊ ဆိုက်လာမည့်ရထားကိုစောင့်ဆိုင်းနေတဲ့သူတွေရော ၊ ထွက်ခွါမည့်ရထားကိုစောင့်နေတဲ့ခရီးသည်တွေရော စသည်ဖြင့် မြင်တွေ့နေရတာ မျက်စိရှုပ်ချင်စရာ။

လေပူတစ်ချို့ဖြတ်တိုက်သွားတိုင်း အမေကိုယ်တိုင်ချည်နဲ့ရက်ပြီး ထိုးထားပေးတဲ့ "ဆောင်းဟွန်းပတ်ခ်" ဆိုတဲ့ နာမည်လေးနဲ့အတူ လွယ်အိတ်ကြိုးလေးက တလွှင့်လွှင့်။

နွေရာသီရဲ့ရွက်ကြွေတွေတစ်ချို့ကလည်း ရထားသံလမ်းပေါ်ထိတိုင်အောင် တကြွေကြွေ။ သစ်ရွက်တွေကြွေတာတွေ့တိုင်း ဦးတည်ရာပျောက်သွားသလို အားပျက်သွားတတ်ရသေးသည်။

ရှေ့ဆက်၍ဘယ်လိုများ ခရီးဆက်ကြမလဲ ?
ဒီနယ်လေးကနေထွက်ပြီး ဘယ်ခြေလှမ်းကိုစလှမ်းရမလဲ ?

"အဘွား ! ဒါက လောလောဆယ် သားရောင်းရတဲ့ငွေ"

ကြားလိုက်ရတဲ့အသံတစ်ချို့က ဆောင်းဟွန်းအတွေးစတွေကိုပြတ်သွားစေသည်။ ဘေးဘီကိုကြည့်တော့ ကလေးသာသာအရွယ်လေးက လက်ထဲမှာလည်း ကြက်ဥပြုတ်အထုပ်လိုက် ၊ မုန့်ထုပ်သေးသေးလေးတွေနဲ့အတူ ရေသန့်ဗူးလေးတွေထည့်ထားတဲ့အိတ်ကလေးကိုလည်း လက်မှာချိတ်ထားသေးသည်။

ဘေးနားမှာတော့ ခါးကိုင်းနေဟန်ရှိသည့်အဘွားအိုတစ်ဦးရှိသည်။ ထိုပေါက်စလေးက အဘွားအိုကြီးဆီကို ပိုက်ဆံအပ်နေတာကို ဆောင်းဟွန်းတွေ့လိုက်ရတော့ ကိုယ့်ကိုယ်ကိုယ်တောင်ပိုပြီးအားပျက်သွားသေးသည်။ ကလေးသာသာအရွယ် ဆော့ကစားနေရမည့်အစား မိဘကိုလုပ်ကျွေးသည်ဆိုတဲ့သဘော သက်ရောက်နေသည့် ကလေးသာသာအရွယ်လေး။

သူကိုယ်တိုင်ကရော ဘာတွေများအသုံးကျပြီး ဘယ်သူ့ကိုလုပ်ကျွေးနိုင်မလဲ။ အဖြေမရှိတော့ပါပဲ ထိုမြင်ကွင်းကိုသာ ငြိမ်ငြိမ်ကလေးနဲ့ ဆောင်းဟွန်းရပ်ကြည့်နေရုံပဲတတ်နိုင်ပါသည်။

နောက်ဆုံးတော့လည်း လောလောလတ်လတ်အတွက် ပထမဆုံး ဆုံးဖြတ်ချက်တစ်ခုသာချလိုက်ရသည်။ လက်မှတ်ရုံမှာ မြို့ကိုသွားမယ့်လက်မှတ်ဖြတ်ပြီး ရထားပေါ်ကိုသာ တက်ခဲ့ရုံသာ။ လက်မှတ်ပြပြီး ကျရာခုံတန်းမှာပဲ ဝင်ထိုင်လိုက်သည်။ ပခုံးမှာလွယ်ထားတဲ့အိတ်ကလေးကို ပေါင်ပေါ်တင်ပြီး အမေထိုးထားပေးတဲ့ချည်ရာနဲ့နာမည်လေးကိုသာ ငေးကြည့်နေမိပြန်သည်။ ကျန်တာကိုတော့ ဘာမှဆက်မတွေးနိုင်တော့။

HOME Where stories live. Discover now