I Woke Up And Was Pregnant

2.3K 229 9
                                    

Chapter 26.1

ကျန်းဟန်ရှုက ပြောလိုက်သည်။

"...ပျော်ရွှင်စရာ နှစ်ကူးအခါသမယ ဖြစ်ပါစေ...."

ထို့နောက် ဘာမှ ဆက်မပြောတော့။

ကျန်းဟန်ရှုက အနည်းငယ် စိတ်ရှုပ်စရာကောင်းသည်ဟု ဖုကျန်း ခံစားမိသည်။ ကျန်းဟန်ရှု၏ လေကာအင်္ကျီကို ပြန်ပေးပြီးနောက်  ဒီညတော့ သူတို့နှစ်ယောက်ကြား တစ်ခုခုဖြစ်လိမ့်မည်ဟု စိတ်ကူးယဉ်ခဲ့သော်ငြား ကံမကောင်းစွာပဲ ဘာမှမဖြစ်ခဲ့။

နှစ်ယောက်သား ဧည့်ခန်းထဲသို့ တိတ်တဆိတ် ဝင်လာခဲ့သည်။ အခြားအိမ်ငှားအားလုံးမှာ အသီးသီး အနားယူရန် အခန်းပြန်ကြပြီဖြစ်သည်။ ဧည့်ခန်းမှာ မှောင်မဲနေပြီး လရောင်အနည်းငယ်သာလျှင် ပြတင်းပေါက်၏ အလင်းဖောက်မှန်ကိုဖြတ်ကာ      ဧည့်ခန်းဗဟိုရှိ ကော်ဖီစားပွဲပေါ်သို့ ဖြာကျနေသည်။ သူတို့အခန်းများမှာ ဘေးချင်းကပ်ဖြစ်၍ ခွဲခွါရပေတော့မည်။

ဖုကျန်းနှင့် ကျန်းဟန်ရှု၏ လှုပ်ရှားမှုများမှာ တူညီလုနီးပါးပင်။ သူတို့ တစ်ချိန်တည်းမှာပင် အခန်းရှေ့တွင်ရပ်၊ သော့ကိုထုတ်ကာ တစ်ပြိုင်တည်း လက်မြှောက်၍ သော့ပေါက်ထိုးလိုက်သည်။

"....ကျန်းဟန်ရှု...."

သို့သော် ဖုကျန်း ရပ်တန့်ကာ ကျန်းဟန်ရှုကို လှည့်၍ ရပ်တန့်စေလိုက်သည်။

ကျန်းဟန်ရှုလဲ တစ်ဖက်သို့လှည့်၍ ဖုကျန်းကို ကြည့်လိုက်သည်။

"...ကိစ္စရှိလို့လား..."

လရောင်ဖျော့ဖျော့အောက်မှ ကျန်းဟန်ရှု၏ တည်ငြိမ်သော မျက်နှာကို ကြည့်ကာ ဖုကျန်းသည် ရုတ်တရက် ဆွံ့အသွားသည်။
သူဘာလို့ ကျန်းဟန်ရှုကို ခေါ်လိုက်မိပါလိမ့်။ ငါ့ကိုကြိုက်လားလို့ မေးမလို့လား....
..ပြီးတော့ရော....
.တကယ်လို့ ကျန်းဟန်ရှုက ငြင်းလိုက်ရင်ရော ဘယ်လိုလုပ်ရပါ့မလဲ....

ဖုကျန်း တုန့်ဆိုင်းနေခဲ့သည်မှာ ယခင်က ခေါင်းမာကြီး မာနကြီးသော သခင်ငယ်လေး မဟုတ်တော့သယောင်။

ဒီတစ်ခေါက် ဖုကျန်း၏ အပြုအမူမှာ စိတ်ပူပန်စရာဖြစ်နေသည်ကြောင့်လား ဒါမှမဟုတ် ကျန်းဟန်ရှုလည်းပဲ တစ်ခုခု လုပ်လိုသည်ကြောင့်လားမသိ ကျန်းဟန်ရှုသည် သော့ကို လက်ထဲထည့်ကာ ဖုကျန်းထံ ဖြေးဖြေးလေး လျှောက်လာခဲ့သည်။ သူ့အသံကို နှိမ့်လိုက်ကာ ဖုကျန်းကို မေးလိုက်သည်။

I Woke Up And Was Pregnant Where stories live. Discover now