ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း(1.2)

53 7 0
                                    

"ဂျိမ်းစ့်ကူကယ်" ဆိုတာက ကျန်းရွှီရဲ့အဖေ, ကျန်းရှော့ရဲ့ ဂုဏ်ယူရတဲ့ကျောင်းသားတစ်ယောက်ပဲ။ သူက ကျန်းရွှီနဲ့အတူတူလောက်ပဲဆိုပေမယ့် သူ့ကြည့်ရတာ ကျန်းရွှီထက်ကို ပိုရင့်ကျက်ပြီး ပိုသန်မာတယ်လို့ထင်ရတယ်။ ဒါတင်မကသေးဘူး ဂျိမ်းစ့်က သေနတ်သမားအဖြစ်မွေးဖွားလာတဲ့သူပဲ။ ပြောကြတာကတော့ သူ့အသက်၉နှစ်ကတည်းက သေနတ်ကို စပြီးကိုင်ခဲ့တာတဲ့။ ဂျိမ်းစ့်ထက်နည်းနည်းကြီးတဲ့ ဆယ်ကျော်တစ်ချို့က သူတို့ရဲ့သေနတ်တွေကိုထုတ်ပြပြီး သူ့ကို ဝိုင်ပုလင်းတွေကို ပစ်ခိုင်းခဲ့တယ်။ တစ်ခြားဆယ်ကျော်သက်တွေက ကိုက်တစ်ရာအကွာကနေ ပစ်ရင် ဆယ်လုံးမှာ ငါးလုံးခြောက်လုံးလောက် ပစ်နိုင်တဲ့အထိ ကောင်းကြပေမယ့် ပထမဆုံးအကြိမ်သေနတ်စကိုင်ဖူးတဲ့ ဂျိမ်းစ့်ကတော့ ရှစ်လုံးပစ်နိုင်ခဲ့တယ်။ အခု သူဟာ ပျောက်ဆုံးနိဗ္ဗာန်ဘုံမှာရှိတဲ့ လက်ဖောင့်သေနတ်သမားတွေထဲကတစ်ယောက် ဖြစ်လာခဲ့တယ်။ ပြီးရင်လည်း ကျန်းရွှီကို သူ့အတွက် သေနတ်အမျိုးအစားအသစ်တစ်ခု ဖန်တီးပေးဖို့ ထပ်တလဲလဲပူဆာနေတတ်မယ်။

ဒီအကြောင်းအရင်းကြောင့်ပဲ ကျန်းရွှီက ကျန်းရှော့ဟာ ဂျိမ်းစ့်ကို သူ့သားဖြစ်စေချင်တယ်လို့ အမြဲတမ်းခံစားခဲ့ရတယ်။

လက်ရှိမှာ ကျန်းရွှီက ပျောက်ဆုံးနိဗ္ဗာန်ဘုံရဲ့အကောင်းဆုံး စက်ပြင်ဆရာပဲ။ အဲ့တာကြောင့် သူဟာ နတ်ဘုရားကျဆုံးခြင်းအစီအစဥ်ရဲ့ သေရေးရှင်ရေးတမျှ အရေးပါဆုံးအပိုင်းဖြစ်လာခဲ့တယ်။

ဘတ်စကတ်ဘောကွင်းလောက်ရှိတဲ့ သိုလှောင်ရေးရုံအနီးတစ်ဝိုက်မှာ ဖုန်တွေတိုက်ခတ်နေတယ်။ ကွန်တိန်နာတွေကို ဆွဲထားတဲ့ထရပ်ကားတွေဟာ ကွင်းကျယ်ကြီးရဲ့အလယ်မှာ ရပ်ထားကြတယ်။ စစ်သားတွေလို့ယူဆရတဲ့ မရေမတွက်နိုင်တဲ့ ယောက်ျားတွေက အစီအစဥ်တကျနဲ့ ယာဥ်ပေါ်က ပါလာသမျှကုန်ပစ္စည်းတွေကို အပြေးအလွှားသယ်ယူနေကြတယ်။ ကားရဲ့အမှတ်စဥ်အလိုက် ကုန်တွေဟာ တစ်ခုပြီးတစ်ခု သယ်ထုတ်ခံရပြီး ယာယီပြုပြင်ထားပြီး အလွတ်ထား ထားတဲ့ သိုလှောင်ရုံ နံပါတ်(၈)ကို ပို့ဆောင်ခံရတယ်။ ကျန်းရွှီဟာ သူ့ရဲ့လက်ထဲမှာ ထူထဲတဲ့ဖိုင်တွေကိုကိုင်ထားပြီး အကုန်လုံးကို စစ်ဆေးပြီးတိုင်း အမှတ်အသားပြုလုပ်နေတယ်။ အထူးသဖြင့် လူတွေက ကုန်တွေနေရာတွေကို ရွှေ့ပြောင်းပြီးတဲ့အခါမှာပေါ့။ နေဝင်ခါနီးအချိန်မှာတော့ ကွန်တိန်နာတွေအကုန်လုံးက ဗလာကျင်းသွားပြီး တဲတစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားတော့တယ်။  လူတိုင်းကလည်း အသက်တောင်ရဲရဲမရှုရဲဘဲ တစ်ခုခုကို စောင့်ဆိုင်းနေခဲ့ကြတယ်။

《 机械师 》The Mechanic Drive Folder || ဘာသာပြန် ||Where stories live. Discover now