Chapter 15

1.9K 89 18
                                    




ညဉ့်ရိပ်ခေါင် Bar ရဲ့ နားနေခန်းမှာ ၃ ရက်လောက် အနားယူပြီးမှ အိမ်ကို ပြန်လာခဲ့သည်။ မိဘတွေကိုတော့ အလုပ်ကိစ္စနဲ့ မန္တလေးကို ခဏသွားနေရတယ်လို့ ပြောထားသည်။ ဒါက ညဉ့်ရိပ်ခေါင်ရဲ့ အလိမ်အညာသက်သက်တော့မဟုတ်။ သူတို့ Bar က မန္တလေးမှာ အခွဲတစ်ခုဖွင့်ဖို့ စီစဉ်နေတာမို့ ဒီ ဆင်ခြေကို အလျင်းသင့်သလို ယူသုံးလိုက်ခြင်းဖြစ်သည်။

အိမ်ကို ပြန်လာသည့်နေ့တွင်တော့ သူ့အစ်မက သူ့အခန်းကို ရောက်လာသည်။

"ငခေါင် ငါပြောစရာရှိတယ်"

"အင်း...ဝင်ခဲ့လေ"

တကယ်ဆို သူလည်း သူ့အစ်မကို ပြောစရာရှိနေသည်။ ဒီတစ်ခေါက် စာချုပ်ပြည့်တာနဲ့ စာချုပ်အသစ်မချုပ်ဘဲ အနားယူလိုက်ဖို့ရန်အတွက် တိုင်ပင်လိုခြင်းဖြစ်သည်။ သူက ထိုနေရာမှာ ရှိမနေတော့ဘူးဆိုမှတော့ သူ့အစ်မကိုလည်း မကျန်ခဲ့စေချင်ဘူးလေ။

ညဉ့်ရိပ်ခေါင် ပါးစပ်က ဖွင့်ဟမပြောပေမဲ့ လရိပ်ယောင်ရဲ့ မျက်နှာ မကောင်းဘူးဆိုတာကို မြင်နေရတာမို့ လရိပ်ယောင်ကို အရင်ပြောခွင့်ပေးလိုက်သည်။

လရိပ်ယောင်က သူမ မျက်ဝန်းထဲက ခံစားချက်တို့ကို ဖုံးကွယ်ရန်အလို့ငှာ မျက်လွှာချ၍ သူ့ကို စကားပြောလေသည်။

"ငါတို့ နောက်နှစ်လောက်မှာ အလုပ်တွေ နားမယ်လို့ ပြောခဲ့တာလေ"

"............"

"ငါ ဒီနှစ်ပဲ နားလိုက်ချင်တယ်။ စာချုပ်ပြည့်ရင် အသစ်ထပ်မချုပ်တော့ဘူး။ ခုရက်ထဲမှာလည်း အလုပ်ကို မဖြစ်မနေမှပဲ လက်ခံတော့မယ်လို့တွေးတယ်"

"အကြောင်းရင်းက ဘာလဲ"

ညဉ့်ရိပ်ခေါင် လရိပ်ယောင်ရဲ့ မျက်နှာပေါ်က အပြောင်းအလဲတို့ကို တစ်ခုမှ မလွတ်အောင် စောင့်ကြည့်ပြီးမေးလိုက်သည်။ ဒီအရာက သူရည်ရွယ်ထားသည်မှန်သော်လည်း လရိပ်ယောင်က စပြောလာခြင်းသည် ပုံမှန်မဟုတ်တော့။

သူ့အစ်မက ငွေကို ရသလောက်စုပြီး ကားတစ်စီးလောက် ဝယ်ချင်သေးသည်။ ထို့နောက် Fashion ဆိုင်လေး တစ်ခုဖွင့်ကာ မိသားစု စီးပွားရေးအဖြစ် ပြောင်းလဲချင်သည်။ အခု သူတို့ရဲ့ စုဆောင်းငွေတွေ မပြည့်သေး။ သူတို့ အိမ်အသစ်ဆောက်တုန်းက မန်နေဂျာဆီက ယူထားတဲ့ အကြွေးတောင် မကြေသေး။ ပုံမှန်အခြေအနေမျိုးတွင်သာ ဆိုပါက သူ့အစ်မသည် ဒီလိုစကားမျိုးကို ပြောဆိုလိမ့်မည်မဟုတ်ပေ။

ရောင်နီသာခဲ့လျှင်Where stories live. Discover now