(19)

136 12 0
                                    

(19)

(၅)လပိုင်းရဲ့ဆယ့်ငါးရက်မြောက်နေ့မှာ ယန့်ဝမ်အိမ်တော်ကအစေခံတွေအားလုံး အာရုဏ်တက်ကတည်းက လှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်။ ဒီနေ့က ရှီးယွမ်မှာ ဧကရာဇ်ကိုယ်တော်တိုင် နဂါးလှေပြိုင်ပွဲကျင်းပမယ့်နေ့ဖြစ်ပြီး အဖော်ပြုသူစာရင်းရဲ့ထိပ်ဆုံးမှာ ယန့်ဝမ်အိမ်တော်ပါဝင်တယ်။ ဒိနောက်မှာ နန်းတော်ထဲ စားသောက်ပွဲအခမ်းအနားနဲ့ ကုသိုလ်ပြုပွဲအခမ်းအနားတွေ တသီတသန်းအရှည်ကြီးပါလိမ့်ဦးမယ်။ ဒါကြောင့် ယန့်ဝမ်အိမ်တော်က အစောဆုံးရောက်သင့်တယ်လို့ပြောရင် မမှားပါဘူး။

တစ်နေကုန် မနားမနေအလုပ်လုပ်ရမှာကြောင့် အိမ်တော်ကအစေခံတွေက အစောကြီးကတည်းက နိုးကြားနေကြပြီ။ လိုက်ကာတွေ နေကာတွေနဲ့ အခြားအရာတွေကို မနေ့ကတည်းက စီစဉ်ခဲ့ပြီးသား။ ဒီမနက်မှာတော့ အတွင်းခြံဝင်းဂိတ်ပေါက်ဝမှာ အမျိုးသမီးထုအတွက် မြင်းလှည်းတွေအသင့်ဖြစ်နေပါပြီ။ ဒီနေ့ခေတ်မှာ မြို့တော်ကအဆင့်မြင့်မှူးကြီးမတ်ရာတွေ တော်ဝင်မျိုးနွယ်တွေအကုန်လုံး ဟန်နဲ့ပန်နဲ့ ဝေါယာဉ်စီးပြီးခရီးသွားကြတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာစစ်တပ်ထဲနေခဲ့ပြီး သံမဏိစည်းကမ်းတွေချမှတ်ခဲ့တဲ့ယန့်ဝမ်က ဝေါယာဉ်ဘယ်မှာစီးလိမ့်မှာလဲ။ ကုဟွေးရန့်သာမကဘူး၊ မြို့တော်မှာမွေးဖွားကြီးပြင်းခဲ့တဲ့ကုချန်ယောက်တောင် ဘယ်လောက်ခရီးဝေးသွားသွား ဟိတ်ကြီးဟန်ကြီးထုတ်ပြီး စီးခွင့်မရှိဘူး။

ကုမင်တက ယန့်ဝမ်ရဲ့စီးတော်မြင်းကျောက်ရွှယ်ကိုထိန်းထားပြီး ချွေ့ဟွားဂိတ်ပေါက်မှာ ကျောက်တိုင်ကြီးလိုရပ်နေတယ်။ ကျောက်ရွှယ်က တဟီဟီနှာမှုတ်နေတယ်။ ကုဟွေးရန့်က နဂါးတစ်ကောင်ကတဲ့နန်းတွင်းဝတ်စုံကိုဝတ်ထားပြီး အဆင့်တစ်ချင်းဝမ်ကျောက်စိမ်းခါးပတ်ကို ခါးမှာပတ်ထားတယ်။ သူက လက်နှစ်ဖက်ကိုရှေ့မှာချိတ်ထားပြီး မတ်တပ်ရပ်နေတယ်။ ကုချန်ယောက်ကလည်း မင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့အဝတ်အစားတွေ လဲလှယ်ဝတ်ဆင်ထားတယ်။ ဒါပေမယ့် အရာအားလုံးမှာ ကုဟွေးရန့်အောက်တစ်ဆင့်နိမ့်နေမှန်းသိသာပါတယ်။ ဒါက သားအဖနှစ်ယောက် အရောင်ချင်းတူရင်တောင် ပန်းထိုးလက်ရာတွေ လျော့ထားလို့လည်းဖြစ်နိုင်တယ်။ ကုချန်ယောက်က ချင်းဝမ်ဆက်ခံသူတစ်ယောက်ရဲ့အဝတ်တွေဝတ်ထားပြီး ဘယ်လိုကြည့်ကြည့် ကျက်သရေရှိတဲ့တော်ဝင်လုလင်ပျိုလေးဖြစ်ပေမယ့် ကုဟွေးရန့်ဘေးမှာရပ်လိုက်တာနဲ့ ချက်ချင်းကိုသိမ်ငယ်သွားပြီး အရှိန်အဝါတွေလျော့ကျသွားတယ်။ ချွေ့ဟွားဂိတ်ကိုဖြတ်သွားတဲ့လူတွေက မတ်တပ်ရပ်နေတဲ့ယန့်ဝမ်ကိုအရင်မြင်လိမ့်မယ်။ ပြီးတော့ နောက်ထပ်ဘယ်သူကိုမှ ထပ်မမြင်တော့ဘူး။ ဘာလို့လဲဆို အသက်ရှူအောင့်ပြီး ခေါင်းတွေကိုငုံ့ထားကာ နောက်ထပ် ပြန်မော့မကြည့်ရဲကြတော့လေ။

အချစ်က..ဒုတိယအကြိမ်Where stories live. Discover now