Episode-3(Broken Vows)

0 0 0
                                    

"သခင်ထွန်းအုပ်...သခင်ထွန်းအုပ်"

ရေးကြီးသုတ်ပြာဝင်လာသော ရဲဘော်လေးအသံကြောင့် ဦးထွန်းအုပ်ရေးလက်စ မှတ်တမ်းအားပိတ်လိုက်သည်။

"အေး လှမောင် ငါအခုနကလေးတင်ပဲ ရေဒိီယိုနားထောင်နေတာ မဟာမိတ်တွေက အိုကီနာဝါကို အုပ်မိသွားပြီ ..."

"ဟုတ်ပါတယ်ခင်ဗျ  အဲ့ဒီကိစ္စပဲ ဆရာရန်နောင်ကမသိသေးဘူးထင်ပြီးသတင်းပို့ခိုင်းလိုက်တာပါ"

သခင်ထွန်းအုပ်က သူ၏စာကြည့်မျက်မှန်အဝိုင်းလေးအားချွတ်လိုက်ပြီး မှတ်တမ်းဖိုင်တွဲပေါ်အသာတင်လိုက်သည်။ ထို့နောက်စာကြည့်စားပွဲအံဆွဲထဲမှ ဝက်သစ်ချသားဖြင့်ပြုလုပ်ထားသော သေတ္တာလေးအားဖွင့်လိုက်ပြီး ထိုအထဲမှ နာမည်ကျော် Kay Woodie တံဆိပ်ဆေးတံအား ဆေးတစ်ဖုံစာထည့်ကာ Sailor တံဆိပ်မီးခြစ်ဆံဖြင့်မီးညှိလျက် အရသာခံကာရှိုက်ဖွာလိုက်သည်။

" အင်း... ရန်ကုန်မှာကလည်း ယူနီဖောင်းနဲ့ရောတစ်ဖုံ အရပ်ဝတ်နဲ့ရောတစ်မျိုး ဟိုရောင် ဒီရောင်တွေကလည်းအတော်ပေါများလာတာ "

"ဟုတ်တယ်ဆရာ အဲ့ဒါတွေပဲသတိထားနေရတာ ဟိုတစ်နေ့ကလည်း မြူနီစီပယ်လူကြီး ဦးအောင်ချစ်အိမ်ကို ပုလိပ်ဝတ်စုံတွေနဲ့ ဓါးပြဝင်တိုက်သွားလေရဲ့"

"ဟေ.. ကောင်းရော ဟားဟား ... အခုအချိန်က အားလုံး အုတ်ရောရောကျောက်ရောရော ဖြစ်ချင်ရာဖြစ် အာရုံမစိုက်နိုင်ဘူးကွ "

ရဲဘော်လှမောင်က ခေါင်းငြိမ့်ထောက်ခံရင်း Camel တံဆိပ်စီးကရက်အားထုတ်ကာမီးညှိရန်ပြင်လိုက်၏။ သို့သော် ဦးထွန်းအုပ်က

"ကုလားအုတ်သောက်မလို့လား... ရော့ရော့မသောက်နဲ့ ဂိုးလ်ဖလိတ်ခ် သောက် (Gold Flake ) ပျားရည်နံ့လေးနဲ့ ငါကစီးကရက်သိပ်မကြိုက်လို့"

ဟုဆိုကာ အဝါရောင်စက္ကူပတ်နှင့်ပတ်ထားသောသံဗူးလေးအားကမ်းပေးလိုက်လေရာလှမောင်လည်း ဝမ်းသာအားရဖြင့်ရိုသေစွာကမ်းယူပြီး စီးကရက်တစ်လိပ်အားထုတ်ယူ၍ မီးညှိလိုက်လေ၏။

"ကဲရော့ ... ဒီစာ ဗိုလ်မြဲနဲ့ဖိုးမှန်ကိုပေးလိုက် "

အညိုရောင်စာအိတ်လေးတစ်အိတ်နှင့်အဖြူရောင်စာအိတ်လေးတစ်အိတ်အား လှမောင်ထံကမ်းပေးလိုက်သည်။

"The Call Of Sakura" Where stories live. Discover now