စာသင်နှစ်အသစ်စမယ့်နေ့မှာပဲ ဆွန်းဂွမ်တို့အိမ်ဘေးကို လူအသစ်တွေပြောင်းလာတယ်ဆိုပြီး အန်တီကြီးဆီကကြားလိုက်ရသည်။ စပ်စုချင်သည့်စိတ်ကလေးနှင့် မနက်စာကို ပစ်ချကာ အခန်းထဲပြေးဝင်ပြီး ပြတင်းပေါက်ခန်းဆီးလေး လှပ်ကာ ချောင်းကြည့်မိလေသည်။
ပစ္စည်းတွေ ကားပေါ်က ချနေသံဆူညံနေပြီး လူတွေရှုပ်ယှက်ခပ်နေတာကို ငြိမ်ငြိမ်လေးကြည့်ရင်း အတွေးများနေမိသည်။ သူတို့က ဘယ်လိုလူမျိုးတွေ ဖြစ်လောက်မလဲ။
ရုတ်တရက် သူရှိရာဘက်လှည့်ကြည့်လာတဲ့ လူတစ်ယောက်ကြောင့် ဆွန်းဂွမ် ခန်းဆီးစကိုအမြန်ပစ်ချပြီး ကွယ်လိုက်ရသည်။ မမြင်သွားလောက်ပါဘူးနော်။ ခဏလောက်ကြာမှ ပြန်ချောင်းကြည့်မိတော့ ထိုလူက ဟိုဘက်လှည့်သွားကာ ပစ္စည်းတွေချနေတဲ့သူတွေနဲ့ စကားပြောနေတာကို မြင်လိုက်ရသည်။
"ဒီကိုကိုက အရပ်အရှည်ကြီးပဲရော"
ဆွန်းဂွမ် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မိပြီး စိတ်ဓာတ်ကျသွားသည်။ အဲ့ကိုကိုလောက်အရပ်ရှည်ဖို့ နွားနို့တွေဘယ်နှစ်ခွက်လောက်ရအုံးမှာလဲနော်။
"ဒေါက်...ဒေါက်"
"ဆွန်းလေးရေ....မေမေကြီးက ခေါ်နေပြီ"
"လာပြီ...အန်တီကြီး"
ဆွန်းဂွမ် ချောင်းကြည့်နေခြင်းအမှုကို အဆုံးသတ်လိုက်ပြီး အခန်းထဲက ထွက်လာလိုက်သည်။
"ဘူဆွန်းဂွမ်...မနက်စာကို ကုန်အောင်မစားဘဲ ဘာလို့ ထထွက်သွားရတာလဲ...ဒီလိုအကျင့်ဆိုးတွေ မကြိုက်ဘူးလို့ ပြောထားတယ်မဟုတ်လား"
ဆွန်းဂွမ် ခေါင်းလေးငုံ့ကာ အသံတိုးတိုးဖြင့်
"သားမှားသွားပါတယ် မေမေကြီး...နောက်မဖြစ်စေရပါဘူး"
"ကောင်းပြီ...ထိုင်အုံး...ဒီနေ့ကျောင်းစဖွင့်ပြီမဟုတ်လား...ပြောနေကျစကားတွေပဲ ထပ်ပြောရမှာပဲ....မင်းမှာ ဘာကိစ္စဖြစ်နေနေ မင်းညီလေးကို ဂရုစိုက်ရမယ်၊ ရှင်းလေးက ကျန်းမာရေးမကောင်းတာမို့ အစစအရာရာမင်းဘက်က အလျှော့ပေးရမယ်လို့ မှာထားပြီသားနော်....အပေါင်းအသင်းတွေ ထပ်ထားဖို့လည်း စိတ်မကူးနဲ့ ဘူဆွန်းဂွမ် မင်းဘဝက မင်းညီလေး ရှင်းဟန်အတွက်ပဲ၊ တခြားဘာကိုမှ ခေါင်းထဲထည့်စရာမလိုဘူး...နားလည်ပြီလား"
YOU ARE READING
ဘေးအိမ်က ကိုကို
Fanfiction"ဟိတ် ချာတိတ် ခင်ချင်လို့..." "မခင်ချင်ပါဘူး..." "ဒါဆို ချစ်ချင်လို့...."