Part 31

3.4K 277 32
                                    

Unicode

"ကိုကြီး ... "

၀ယ်လာသော ဟင်းချက်စရာများကို ချပြီး နောက်ဖေးခန်းမှာ ခဏထိုင်နေတုန်း လှမ်းခေါ်လိုက်သော ညီမဖြစ်သူ၏ အသံကြောင့် ဇာနည် လှည့်ကြည့်လိုက်သည်။ အခုမှ အပြင်က ပြန်လာပြီး ပင်ပန်းနေပုံပေါ်သော ဇာနည့်ကို ကြည့်ကာ အငယ်မက ပြောရခက်နေပုံဖြင့် ရပ်နေ၏။

"ဘာဖြစ်လို့လဲ ငယ်ငယ်"

"ဟို ... ဒေါ်လေး ဆေးကုန်နေပြီ"

ဒေါ်လေး၏ နှလုံးသွေးကြောကျဉ်းရောဂါအတွက် လိုအပ်သော ဆေးတွေက နှစ်ပတ်တစ်ခါ ၀ယ်ရသည်။ တစ်ခါ၀ယ်ရတိုင်းလည်း ဆေးတန်ဖိုးက နည်းသည် မဟုတ်။ နှလုံးရောဂါကို သူဌေးရောဂါဟု ပြောကြတာ ဒါကြောင့် ဖြစ်မည်။ အိမ်ရဲ့ အခြေအနေကို နားလည်စွာ မျက်နှာမကောင်းသော ညီမဖြစ်သူကို ဘာမှမဖြစ်ဘူး ဆိုသည့်ပုံစံနှင့်သာ ပြုံးပြလိုက်ရင်း -

"ဟုတ်သားပဲ ... ၀ယ်ရမှာပေါ့၊ ကိုကြီး မေ့နေတာ မနက်ကျရင် ၀ယ်ပေးခဲ့မယ်နော်"

ငယ်ငယ်က တစ်ခုခု ပြောစရာ ကျန်နေသေးသလို ဟင်းချက်စရာတွေကို ကူသိမ်းပေးနေသည်။ အသက်ဆယ့်ငါးနှစ်အရွယ်ဆိုတာ တခြားမိသားစုမှာတော့ ကလေးဖြစ်နိုင်ပေမယ့်လည်း အခြေအနေတွေအရ လူကြီးလေးတစ်ယောက်လို မျက်နှာရိပ် မျက်နှာကဲ ကြည့်‌နေတတ်သော ညီမဖြစ်သူကို ကြည့်ကာ ဇာနည် စိတ်မကောင်း ဖြစ်မိသည်။

"တခြား ဘာလိုတာ ရှိသေးလို့လဲ"

"မနေ့က အိမ်ရှင်အန်တီကြီး လာသွားတယ်"

"သူ့ကို ဒီလအတွက် ပေးပြီးပြီ မလား"

"ဟုတ်တယ်၊ ဒါပေမယ့် ရှေ့လက စပြီး တစ်လတစ်ခါ လက်မခံတော့ဘူး အနည်းဆုံး သုံး/လေး လစာတော့ တင်ပေးပါတဲ့၊ တခြား အိမ်ရှင်တွေဆို ခြောက်လတစ်ကြိမ်ပဲ လက်ခံတာ သူမို့လို့ ဒီလိုရတာ တဲ့"

သူ့ဆီ ဖုန်းဆက်မပြောဘဲ အိမ်မှာ လာပြောသွားသော အိမ်ရှင်ကို စိတ်ထဲမှာ မကျေမနပ် ဖြစ်သွားမိပေမယ့် ဘာမှတော့ မတတ်နိုင်။ တကယ်လည်း အခုခေတ်မှာ ဘယ်အိမ်ကမှ တစ်လတစ်ကြိမ် လက်မခံတော့ဘူး မဟုတ်လား။ သူတို့ မောင်နှမတွေကို သနားလို့သာ လက်ခံပေးထားတာ ဖြစ်သည်။

Magic Hides My ManWhere stories live. Discover now