1

10.6K 157 16
                                    

Zayneသည် X Cityတွင်နေထိုင်သည့် တတိယနှစ်ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပေသည်။ အဝေးကနေကျောင်းလာတက်သူမို့ ကျောင်းရှိအဆောင်တွင်သာ နေထိုင်၏။

Zayne X Cityတွင် သုံးနှစ်ကြာနေထိုင်ခဲ့သော်လည်း ငြီးငွေ့နေခြင်းမျိုးတော့မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဘဝသည် အရမ်းကို သက်တောင့်သက်သာရှိသည်ပင်။ သူသည် ဖြစ်နိုင်သရွေ့ ဘဝကိုအေးဆေးသက်သာဖြတ်သန်းချင်သူဖြစ်၏။

ထိုစိတ်ကူးစိတ်သန်းများ တစ်ယောက်သောသူနှင့် မဆုံတွေ့မိချိန်အထိသာ....။

တစ်နေ့ အဆောင်လမ်းဘေးတစ်နေရာရှိ လမ်းမီးတိုင်အောက်တွင် လမ်းဘေးကြောင်ကို အစာကျွေးနေတုန်း Zayne၏အနားသို့ အရိပ်တစ်ခုလာမိုး၏။ သူမော့ကြည့်လိုက်တော့ ဖုန်းပြောရင်း မျက်ခုံးတွန့်ထားပါသော သူနဲ့ရွယ်တူကျောင်းသားတစ်ယောက်။

Zayneမတတ်နိုင်သည့် စျေးကြီးသောBrandများကို တစ်ကိုယ်လုံးပေါ်ခြုံငုံထားပြီး သူ့ကိုယ်ပေါ်မှထွက်နေသောအရှိန်အဝါကလည်း အများနှင့်မတူ တမူကွဲနေ၏။ ညနေခင်းလေအဝေ့၌ သင်းပျံ့လာသည့်ခပ်ဖျော့ဖျော့ရေမွှေးနံ့က မကြာသေးခင်ကမှထုတ်လုပ်ရောင်းချလာသည့် နာမည်ကြီးတံဆိပ်တစ်ခု၏ အကန့်အသတ်ထုတ်ရေမွှေး၏ရနံ့။

Zayneဘယ်လိုသိသလဲဆိုရင်တော့ သူတို့အတန်းထဲရှိ လူချမ်းသာဒုတိယမျိုးဆက် ကျောင်းသားတစ်ဦး၏ အကြွားသန်ချက်ကြောင့်ပင်။ ထိုကျောင်းသားက သူထိုရေမွှေးကိုဝယ်သုံးနိုင်မှန်း ကြွားရန်အလို့ငှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလောက်သည်အထိ မွှေးပျံ့စွာ ဆွတ်လာတတ်၏။

သူ့ဘေးကလူ၏ရနံ့ကတော့ ခပ်ဖျော့ဖျော့လေးသာ။

Zayneကြည့်နေမိသည့် စက္ကန့်ပိုင်းအတွင်းမှာပဲ တစ်စုံတစ်ခုကိုခံစားမိ၍ထင်သည်....၊ ဖုန်းပြောနေရင်းဖြင့် ပြန်လည်ငုံ့ကြည့်လာခဲ့၏။

Zayne၏ ဖော်ရွေတတ်သည့်ဝသီအတိုင်း တစ်ဖက်လူအား ပြုံးပြတော့ ခဏမျှကြောင်အမ်းသွားပုံရပြီး ခပ်ဖျော့ဖျော့ပြန်လည်ပြုံးပြလာခဲ့သည်။ ထိုသူကို အရမ်းချောသည်ဟုမဆိုနိုင်သော်ငြား ပြုံးလိုက်သောအခါတွင်မူ ဆန့်ကျင်ဘက်အနေဖြင့် နွေဦးရောင်ခြည်၏ လေထုနွေးနွေးအဖျားခတ် တိုက်ဖြတ်သွားခဲ့သလိုပင်။

R I S HWhere stories live. Discover now