1. Light up my world

595 89 36
                                    

၁၉၉၈, တောင်ကိုရီးယား,ဘူဆန်မြို့

"ဒီနေ့လည်း တစ်ယောက်တည်းပဲလား"

ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သော အသံကြောင့် စာရေးနေရာမှ မော့ကြည့်မိတော့ အသားဖြူဖြူ မျက်နှာ၀ိုင်း၀ိုင်းနှင့် ထိုကျောင်းသားပဲ ဖြစ်နေပြန်သည်။ နေ့တိုင်းလိုလို နားချိန်တိုင်း ပန်းသီးပင်အောက်တွင် စာရေးလေ့ရှိသော သူ့ထံလာလေ့ရှိသော ထိုကောင်လေး။ သူ့ဘက်မှ စကားပြန်မရလည်း တိတ်တိတ်လေး ဘေးသို့ ဝင်ထိုင်ကာ အချိန်ကုန်လေ့ရှိသည်။

ယခုလည်း ထုံးစံမပျက် သွားကြီးကြီးကလေးပေါ်အောင် ပြုံးပြရင်း သူ့ဘေးသို့ လာထိုင်လေတော့ သူကလည်း ထုံးစံမပျက်စွာ လျစ်လျူရှုပြန်သည်။ ရေးနေသည့် စာစုအချို့အား ထိုကျောင်းသားမမြင်အောင် ကွယ်၍ပေါ့လေ။

"မပျင်းဘူးလား။ အမြဲတမ်း ဒီသစ်ပင်အောက်လေးမှာ စာရေးနေတာချည်းပဲ။ ထမင်းစားရင်လည်း တစ်ယောက်တည်း။ နားချိန်ကျပြန်ရင်လည်း တစ်ယောက်တည်း။ သူငယ်ချင်းမရှိဘူးလား။"

ကိုယ့်ဘက်ကသာ ဆက်တိုက် စကားတို့ဆိုနေခဲ့ပါသော်လည်း တဖက်မှ လူသည်တော့ အဖြေစကားမပြုသည်ကြောင့် မျက်ခုံးတန်းတို့က တွန့်ချိုးသွားကာ မျက်စိရှေ့မှ စာအုပ်အား ဆတ်ခနဲ ဆွဲလုလိုက်မိတော့သည်။ သူထင်သည့်အတိုင်း မျက်မှန်အောက်မှ မျက်ဝန်းညိုတို့က သူ့အား စူးရဲစွာ ပြန်ကြည့်လာလေသည်။

"ယဥ်ကျေးမှုမရှိလိုက်တာ။ ငါ့စာအုပ် ပြန်ပေး။"

"တဖက်သား စကားပြောနေတာကို အလေးမထားပဲ မသိချင်ယောင်ဆောင်နေတာကမှ ပိုပြီး ယဥ်ကျေးမှုမရှိတာမဟုတ်ဘူးလား။"

ခပ်ထေ့ထေ့စကားတို့အား အပြုံးမပျက်ပဲ ပြောလာသူက အမှန်ပင် ထုရိုက်ပစ်ချင်စရာကောင်းပါသည်။ သို့ပေမယ့် ထယ်ဟျောင်းကိုယ်တိုင်က ရန်ဖြစ်ရသည်ကို ဝါသနာပါသူမဟုတ်သည်ကြောင့် သက်ပြင်းမျင်းမျင်းချရင်း စိတ်ကို စုစည်းလိုက်ကာ နေ့တိုင်းနီးပါး စိတ်အနှောင့်အယှက်ပေးနေသည့်သူအား မေးခွန်းထုတ်လိုက်တော့သည်။

"ကျစ်! မင်းဘာလိုချင်လို့လဲ ငါ့ဆီက? ဘာလို့ ဆက်တိုက် အနှောင့်အယှက် ပေးနေတာလဲ"

𝚂𝚊𝚗𝚍𝚌𝚊𝚜𝚝𝚕𝚎𝚜✔Where stories live. Discover now