#3

21 5 0
                                    

'ဟေ့ကောင် မိုးည ဖဲသွားရိုက်ရအောင်'
FMနားထောင်နေတဲ့ သူ့ကို သီဟက ဖြန်းခနဲရိုက်ရင်း ဘေးအခန်းကိုမျက်စပစ်ပြနေသည်။

'အာ...အဆောင်မှူးသိရင် အဆူခံနေရပါဦးမယ်ကွာ'

'မဆူပါဘူးဟ ဒီအချိန်ဆို အဖိုးကြီးအိပ်နေလောက်ပြီ၊ လာစမ်းပါကွာ ဟိုကောင် ချမ်းငြိမ်းတောင် တော်တော်ထောနေပြီ၊ 3000လောက်နိုင်နေပြီလို့ ငါ့ကိုပြောသွားသေးတယ်'

'ချမ်းငြိမ်းကအ​ဆောင်ကျော်ပြီး ဖဲလာရိုက်တာလား'

'ချမ်းငြိမ်းက ဖဲအနံ့ပဲလိုက်ခံနေတာ၊ ဘယ်အဆောင်မှာ ဖဲဝိုင်းရှိလဲပဲ စုံစမ်းနေတဲ့ကောင်'

သီဟက သူ့ကိုမသိရန်ကောဆိုသည့် အကြည့်ပါကြည့်ပေးလိုက်သည်မို့ ဇက်လေးပုလိုက်ရသည်။
'2000/3000လောက်နိုင်လည်းမဆိုးပါဘူး'

စိတ်ကမတောင့်ခံနိုင်တော့ဘူး။ ဒီတပတ် မုန့်ဖိုးကလည်း အကုန်သုံးလိုက်မိပြီမလား။

'အေး သွားမယ်လာ'
ကုတင်ပေါ်ကနေ ဝုန်းခနဲဆင်း ပုဆိုးပြင်ဝတ်လိုက်ပြီး ဘေးအခန်းက ဝိုင်းထဲ ခြေဖော့ပြီး ရောက်သွားလိုက်သည်။

ဝိုင်းက လူများသား။
၆ယောက်တော့ ရှိသည်။ ကြေးကလည်း ၂၀၀ကြေးဆိုတော့ မဆိုးပါဘူး။
ကိုယ့်လက်ဆလည်း ကိုယ်ယုံတာမို့
အနည်းဆုံး ၂ထောင်၃ထောင်လောက်တော့ နိုင်လောက်ပါတယ်။
'ဟေ့ကောင်တွေ မင်းတို့ မနက်ဖြန် သင်္ချာ tutorial ရှိတယ်ဆို'
သူ့ကို မြင်မြင်ချင်း အခန်းပိုင်ရှင် မြင့်ဇော်ဦးက လှမ်းမေးတာမို့ အသာအယာပြုံးရင်း ဘေးက ကောင်ကို ဟိုဘက်နည်းနည်းတိုးခိုင်းပြီး ဝင်ထိုင်လိုက်သည်။

'အေ ရှိတယ်လေ၊ ဘာလို့တုန်း'
'စာမကျက်ဘူးလားဟ၊ သင်္ချာဆရာမ ဒေါ်နှင်းဝတ်ရည် ဘယ်လောက်ကြမ်းလဲ မသိတာလည်းမဟုတ်ဘဲ၊ စာလည်းခိုးကူးလို့မရဘူး၊​ ခေါင်းတောင်စောင်းလို့မရတာကို'

ဝေထားတဲ့ ဖဲကို လက်ထဲ အသာအယာပွတ်ရင်း...မျက်လုံးလေးမှေးလိုက်သည်။

'tutorial အတွက် စိတ်မပူနဲ့ ငါစာလုပ်ပြီးသား၊ ကဲ လက်ရှောင်တော့ ငါ့ကောင်တို့'

ပါးစပ်ကလည်းပြော လက်ကလည်း ဖဲချပ်ကိုအောက်ချရင်း ဝိုင်းထဲက ၂၀၀တန်တွေကိုသိမ်းလိုက်သည်။
မဆိုးပါဘူး... မနက်စာတော့ကောင်းကောင်းစားလို့ရပြီ။

လေနှင်သောမိုးWhere stories live. Discover now