ချစ်ရပါသော ယောင်းကလေး.....ငယ်

565 63 59
                                    

"မတွေ့ရ၊မမြင်ရတာ ကြာလို့လားမသိဘူး။မေမေ့သားကြီးဟာ ချောလာလိုက်တာ၊ချောလာလိုက်တာမြန်း တကတဲကွယ် မိုးကျရွှေကိုယ် မိုးကျရွှေကိုယ်"

"မေမေ့သားက ပင်ကိုချောပါ မေကြီးရ။ချောလာလိုက်တာ မဟုတ်ပါဘူး။အရင်ကတည်းက ချောပြီးသား...အရင်ကတည်းက"

"မယ် စကားတွေတအားတတ်။ကျောင်းဆရာဖြစ်တော့မယ်ဆိုတော့ ပညာတတ်ကြီးက ဒီမအေကို ချက်ကျလက်ကျ ရန်ထောင်တတ်နေပြီပေါ့တော်။"

"မေကြီးကလည်း သားကဒီအတိုင်း အမှန်တရားကို မေကြီးမြင်အောင် ပြောပြတာပါ။ရန်ထောင်တယ်လို့ မပြောပါနဲ့"

အောက်ထပ်ဆီက ကိုကိုနှင့်မေမေ နှစ်ဦးသား၏ စကား၀ိုင်းကျနေမှုကို ငယ်ငယ် တိတ်တိတ်ကလေး ခိုးနားထောင်နေသည်။နားထောင်နေရင်း နီနီဥဥကလေး တင်းမို့နေသော ပါးမို့နှစ်ဘက်တွင် ခရင်မ်ပတ်ခ်ကလေးသုံး၍ ခပ်ဖုံဖုံဖြစ်အောင် နှစ်ချက်ခန့်ဖိပုတ်ပြီးလျှင် စိုစွတ်နီမြန်းသော လေးကိုင်းလွှာ နှုတ်ခမ်းနုနုပေါ်သို့ နှုတ်ခမ်းဆိုးဆေးရဲရဲကလေး တင်ခြယ်လိုက်သည်။
အပေါ်နှင့်အောက် အလျားနှစ်လွှာအား ကပ်၍ဖိလျှင် အိအိဖူးဖူးကလေးဖြစ်ကာ တောက်ရွှန်းနေသော နှုတ်ခမ်းလွှာမှာ မြင်ရသူအပေါင်း ပြေးနမ်းလိုက်ချင့်စဖွယ် ကြွ၍လှ၏။

"စာဘယ်တော့ကျမလဲ သား"

"ဒီလကုန်ပိုင်းလောက်လို့ ကြားတယ် မေကြီး"

"အိုကွယ် ကျုပ်မှာ ကျုပ်သားကို တ၀ကြီး တွေ့ချင်သေးတာ။တစ်လတောင် မကြာ ထပ်ခွဲရအုံးမယ်ပေါ့"

ဆံလိမ်ကလေးများအား အပူသွင်း၍ ကောက်လိပ်ပြီး ပခုံးပေါ်၀ဲခနဲဖြန့်အချတွင် ကြားရသော ကိုကို့စကားကို ငယ်ငယ် နှုတ်ခမ်းစူ၍ ခြေဆောင့်ချလိုက်၏။လွန့်လွန်လွန်း။ဒီမလည်း သူနဲ့ နှစ်လလောက်တော့ တ၀ကြီး လည်ပတ်ပစ်မယ်လို့ တွေးထားတာ။ကိုကိုတစ်ယောက်ဟာလေ။မကောင်းဘူး။တအားကြီး မကောင်းဘူး။အဲဒီ ပညာရေးတက္ကသိုလ်ဆိုတာကြီးကို ရောက်သွားပြီးကတည်းက တစ်နှစ်တစ်ခေါက် အိမ်ပြန်မလာ၊ငါးနှစ်လုံးလုံး စိမ်းကား ။အခု ပြန်ရောက်တော့လည်း တစ်လတောင် အိမ်မှာ ဖင်ပူအောင် မနေတော့ဘူးတဲ့။အလုပ်လျှောက်ပြီး ကျတဲ့နေရာကို သွားဖို့ လုံးပန်းနေပြီ။

 ❣ချစ်ရပါသော ယောင်းကလေး...ငယ်❣🅞🅝🅖🅞🅘🅝🅖Où les histoires vivent. Découvrez maintenant