ချစ်ရပါသော ယောင်းကလေး....ငယ်

214 34 115
                                    

"ငယ်က ကိုကို့ဘေးထိုင်မှာ။ဒါ ငယ့်နေရာနော်။မေကြီးနဲ့ဖေဖေက အနောက်ခန်းမှာထိုင်"

အားလုံးလည်း ပြင်ပြီးဆင်ပြီးကြပြီး ငယ်တို့တစ်မိသားစုလုံး ဘုရားသွားဖို့ အဆင်သင့်ဖြစ်တော့ ကိုကိုက မောင်းသူနေရာတွင် ၀င်ထိုင်သည်။ငယ်က ကိုကို့နံဘေး Passenger Seatဘက် လှစ်ခနဲ လိုက်၀င်၏။ကားပြူတင်းမှ ခေါင်းထွက်ပြီးလည်း မေကြီးနှင့်ဖေဖေ့ကို ကိုကို့ဘေးနေရာသည် ငယ့်အပိုင်ဖြစ်ကြောင်း ဦးထားရသေးသည်။

"အမလေးတော်။တော်လေးရဲ့ နေရာကိုလည်း ကျွန်မတို့က လုမယူပါဘူး။အခုမှ ကိုကိုကို တအားချစ်ပြနေ"

မေကြီးက မျက်စောင်းကြီးချီပြီး ကားနောက်ခန်းထဲ ဝင်လာသည်။ငယ့်လက်မောင်းကို မနာအောင် လာဆိတ်တော့ ကိုကို့လက်မောင်းကို ငယ့်လက်နှစ်ဖက်က ဆွဲယူပြီး ခေါင်းမှီချပစ်လိုက်၏။ကိုကို့ကိုယ်ကြီး ငယ့်ဘက်စောင်းယိမ်းလာတော့ ကိုကို့ခမျာ နှမအလိုကျ စောင်းစောင်းကြီးငြိမ်နေပြီး ငယ့်ခေါင်းကို လာပုတ်သည်။နှုတ်ခမ်းစေ့ပြုံး၍ ငယ့်မျက်နှာကို ခေါင်းငဲ့စောင်းကြည့်၏။တစ်ချိန်လုံး ဆူပြောငေါက်ငမ်းနေသော ငယ့်ကိုကိုက ဒီကနေ့မှ ထူးထူးခြားခြား အလိုလိုက်တော့ ငယ့်မှာ ကလေးဆိုးကြီး ဆိုးချင်တော့သည်။

"အခုမှ ချစ်ပြတာ မဟုတ်ပါဘူး။ငယ်က ငယ်ငယ်လေးကတည်းက၊ကိုကို့ကို စစသိကတည်းက အများကြီးချစ်သွားတာ"

ပါးစပ်ကလည်း ပေါက်ကရပေါင်းစုံ လျှောက်ပြောပစ်သည်။ငယ့်စိတ်ကလေး အူမြူးနေသည်။

"ဟုတ်လား။ပြောပြပါအုံး။ငယ်ငယ်လေးက ကိုကို့ကို ဘယ်လိုအများကြီး ချစ်သွားသလဲလို့"

နှမဖြစ်သူ အရူးမကလေးကို ကိုကိုတစ်ယောက် လက်လျှော့ထားပုံရပါ၏။ပေါက်ကရရှစ်ဆယ်ပြောနေလည်း ကိုကိုတစ်ယောက် ငယ့်အလိုကျ စကားထောက်ပေးလျက် ကြည်သာရသည်။ငယ်က မျက်လုံးကလေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အတိတ်ကာလဆီ အပြေးကလေး သွားကြည့်သည်။

ကိုကို့ကို ငယ်စသိတော့ ငယ့်အသက်ကလေး ငါးနှစ်။ငယ့်ထက် ၇နှစ်ခန့်ကြီးသော ကိုကိုက ထိုအချိန်က ၆တန်းကျောင်းသား။ကျောင်းစိမ်းအင်္ကျီအဖြူ ပုဆိုးအစိမ်းကလေးနှင့် ကိုကိုတစ်ယောက် ငယ့်မေမေ၏ မွေးစားဘိုးဘိုးကြီးနောက်သို့ ပထမဆုံးအကြိမ် လိုက်လာသည့်နေ့ကို မှတ်မိသေး၏။

 ❣ချစ်ရပါသော ယောင်းကလေး...ငယ်❣🅞🅝🅖🅞🅘🅝🅖Where stories live. Discover now