Part-5[Unicode]

343 9 0
                                    

ဖေဖော်ဝါရီလဆန်း အတန်းတင် စာမေးပွဲတွေ မဖြေခင် ရက်တစ်ရက်ပေါ့။

"ဒုံဒုံချမ်းကနေပြီကွ....သွားကြည့်ကြမယ်..."

နဝမတန်းဆောင်နှင့် အတော်လေးကို နီးကပ်လျှက်ရှိသော ဟုတ်ဝမ်ခန်းမ၏ တံခါးတစ်ချပ်ဆီမှတစ်ဆင့် ညီညီညာညာ ထွက်ပေါ်နေသော သံစုံတီးဝိုင်းသံများနှင့်အတူ ထိုဘုံကျောင်းလှေကားဆီ အပြေးအလွှား သွားရောက်နေကြသော ကလေးတစ်သိုက်။ ယင်းတို့၏ နောက်၌ စောနယုန်၏ လေးလံသော ခြေလမ်းတစ်စုံလည်း အတူပါဝင်နေ၏။

"ဒုံဒုံချမ်းကဘာအရောင်ဖြစ်မလဲ...မင်းနဲ့ငါ လောင်းမလား..."

"လောင်းမယ်...ငါက..အနီ.."

"ငါကအဖြူကွာ...အာ..ဒီနှစ်ဒုံဒုံချမ်းက ကိုဝိုင်ကမှာတဲ့...ငါ့အစ်မပြောနေတာကြားတယ်..."

အရှေ့မှ ကလေး၂ယောက်၏ စကားသံကြောင့် တည်ရာမဲ့နေသော နယုန့်ခြေလှမ်းတို့က ဦးတည်ရာ တစ်ခုကို ရှာတွေ့သွားသည့်အလား။ အနည်းငယ်ပင် ပို၍ သွက်လက်လာဟန်ရှိ၏။ ဝိုင်က စာမေးပွဲနီးတာတောင် ကျောင်းတွေကို ဆက်တိုက် ပျက်နေတာမို့ နယုန်တစ်ယောက် ထိုကောင်လေးကို လုံးဝကြည့်မရဘူးဟု ဆိုနေပါသော်လည်း အမြဲလိုလို ပထမဆု ရသည့် အဲ့ဒီကောင်ငယ်လေး ဒီနှစ် ပထမဆုမရမှာကိုတော့ မဆီမဆိုင် စိတ်ပူနေမိပါလေရဲ့။

"ဟိုမှာဟိုမှာ...ကိုဝိုင်ကွ....မိုက်လိုက်တာ.."

ကလေးတွေ ခေါ်ကြတဲ့ ဒုံဒုံချမ်းဆိုသည်မှာ တရုတ်ရိုးရာ ခြင်္သေ့အကတစ်ခု ဖြစ်ပြီး တရုတ်နဂါးဟုလည်း အချို့ကတော့ ရောထွေးစွာ ခေါ်တတ်ကြသည်။ အရောင်အဝါများ တန်ဆာဆင်ထားသော ခြင်္သေ့ခေါင်းကြီးနှင့် လှိုင်းသဏ္ဍာန် ပုံဖော်ထားသော ကိုယ်ထည်ကြီး၏ အောက်၌ ဘောင်းဘီအပွကြီးများ ဝတ်ထားသည့် လူငယ်လေးများက ဝင်ကာ ကပြရခြင်း ဖြစ်၏။

"ဝါး....ကိုဝိုင်ခုန်လိုက်တာအမြင့်ကြီးပဲ..မိုက်တယ်ကွ..."

ထိုအကသည် လွယ်ကူသည်တော့ မဟုတ်။ ခြင်္သေ့ကြီးဟာ ခြေနင်းပြားပါသော သံတိုင်တွေအပေါ် ဟိုခုန်လိုက် ဒီခုန်လိုက်။ ခြင်္သေ့က မတ်တပ်ရပ်ပြရသည့် အခါမျိုး ဆိုလျှင်လည်း လက်နေရာတွင် တာဝန်ယူထားသည့် အရှေ့မှ တစ်ယောက်က အနောက်က တစ်ယောက်၏ လည်ပင်းပေါ်သို့ လှမ်းခုန်ကာ ခွထိုင်ရ၏။ ဤနေရာတွင် ပါဝင်သူ နှစ်ဦးလုံးဟာ အပေးအယူ မျှမျှတတနှင့် စည်းစည်းလုံးလုံး ရှိမှသာ ကပြခြင်းဟာ အဆင်ပြေနိုင်မည်ဖြစ်သည်။

Wine[U/Z]Where stories live. Discover now