20

502 88 44
                                    

ခိုလှုံရာ



ဂန္ဓာအာရုံ တဖန်လန်းဆန်းစွာ နိုးကြွရန်အလို့ငှာ နှာဖျားဝထံ လှုံ့ဆော်နေခဲ့သော လက်ဖျော်လိမ္မော်ရည်တစ်ခွက်ကို သုံးဆောင်ဖြစ်ပြီးနောက်တွင် အလုပ်သင်ဆရာဝန်တစ်ဦးသည် အိမ်ပြန်လမ်းသို့ အိပ်တန်းပြန်တက်ဖို့ တက်ကြွနေချေပေ၏။

သူသည် နံနက်ဦးပိုင်း ဂျူတီဆင်းပြီးတည်းက မချွတ်ရသေးသော ဖြူလွလွကုတ်ကလေးကို ချွတ်ကာ ဇိမ်ပြေနပြေပင်ခေါက်၍ သိမ်းဆည်းရန်ပြင်သည်။

လည်စိုင်ထက် တွဲလဲခိုဆဲဖြစ်သော stethoscope လေးကို ချွတ်ချလိုက်တဲ့အချိန်တွင် ခါတိုင်းနှင့် မတူ၊မူကွဲ၍ ပေါ့ပါးမိသည်မို့ အနားတွင် လူခြေသံတိုးလာမှန်းလည်း သတိမထားမိလိုက်ချေ။

"အိမ်ပြန်ရတော့မှာမို့ထင်တယ်။
ဒေါက်တာအီကို မြင်ရတာ ခါတိုင်းထက်ပိုပြီး ပေါ့ပါးနေလိုက်တာများ...ဧကန္တ"

"တောင်ပေါ်မြို့ထဲ ချစ်သူကျန်နေခဲ့လား"

ရိသဲ့သဲ့စနောက်လာသည့် လက်ထောက်ဆရာဝန်ဂင်ကြောင့် နံနက်ဦးတည်းက ယခုထိတိုင်ဂဏှာမငြိမ်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ် ဟီဆွန်းပြန်စမ်းစစ်မိသည်။

နားနေဆောင်ထဲအထုပ်အပိုးတွေပြင်လျက်ကနေ ဂျယ်ယွန်းစားလေ့ရှိတတ်တဲ့ မုန့်ကြွပ်တချို့ကို အိမ်အပြန်လမ်း၌ ဝင်ဝယ်ဖို့ တွေးရသည်ကတဖုံ။

ပြန်လာမယ့်အကြောင်း ဂျယ်ယွန်းကိုမ​ပြောဘဲ လျှို့ဝှက်ထားတာမို့ အရာရာထက် စိတ်လှုပ်ရှားနေသည်က တသွယ်ဖြစ်နေလေရာ ခါတိုင်းမဖြစ်စဖူး ဟီဆွန်းယောက်ယက်ခတ်ရရှာတော့၏။

အားလပ်ချိန်တိုင်းရဲ့ လေဟာပြင်နယ်မှာ ချစ်ရသူကသာ မောင်ပိုင်စီးထားသည့်အခါ ပြင်ပရပ်ဝန်းမှ ကျောက်မျက်ခုနစ်သွယ်တန်းသည်ပင်လျှင် တိုးပေါက်၍ မလင်းလက်နိုင်။

"ဟုတ်နေတာပဲ"
"သည်လောက်ပြုံးစိစိနဲ့ဆို ဒေါက်တာအီမှာ ချစ်သူရှိနေတာဖြစ်ရမယ်။မိ​တ်ဆက်ပေးဦးလေ"

"ကောင်မလေးက လှလား"

စားပွဲစွန်း၌ သောင်တင်နေသည့် ရှားစောင်းပင်အလှအိုးလေးကို သိမ်းဆည်းရန်ပြင်တုန်း ထိုမေးခွန်း​က ဟီဆွန်းအဖို့ ချောင်ပိတ်မိစေသော အတွေးတစ်စကို သီစေပါ၏။

My 10 months LoveWhere stories live. Discover now