Unicode
ပုံမှန်အတိုင်းကျင့်သားရနေသောမျက်လုံးတို့က နံနက်၆နာရီအချိန်တွင် ပွင့်ဟလာကာ လုပ်နေကျအပြေးလေ့ကျင့်ခန်းကို ၂၅မိနစ်ခန့်လုပ်ပြီးနောက် တစ်ကိုယ်ရည်သန့်ရှင်းရေးပြုလုပ်ရန် ရေချိုးခန်းအတွင်းသို့ဝင်လိုက်သည်။
ရေမိုးချိုးအဝတ်အစားလဲပြီး အောက်ထပ်ကိုဆင်းလာတော့ အချိန်က မနက်၇နာရီ။
တစ်ယောက်တည်းနေသည့်အိမ်မို့ လူများများစားစားမရှိသော်လည်း နံနက်စာကို ဖွယ်ဖွယ်ရာရာချက်ပြုတ်ဖို့တွေးလိုက်သည်။ ထမင်းဟင်းချက်ပြုတ်ရတာ ဝါသနာပါသလို ဖြစ်သလိုမစားတတ်တာလည်း သူ့အကျင့်။
ရေခဲသေတ္တာထဲမှ ချက်ပြုတ်ရန်ပစ္စည်းများကို တစ်ခုချင်းစဥ်းစား၍ယူနေစဥ်မှာပင် စားပွဲခုံပေါ်တင်ထားသောဖုန်းက တဒီးဒီးတုန်ခါလျက် ထမြည်သည်။ Contact nameကိုကြည့်လိုက်တော့ နှစ်ယောက်မရှိသော အမေရိကားက အစ်ကိုတော်။
"ကိုင်မှကိုင်ပါ့မလားလို့"
ဖုန်းကိုင်ကိုင်လိုက်ချင်း ရယ်ရယ်မောမောနှင့် ရွှင်ပျနေသောအသံကိုကြားရသည်။ အကြီးနှင့်အငယ်ဆိုပေမဲ့ အသက်သိပ်မကွာတာမို့ အချိန်တော်တော်များများတွင် ရွယ်တူချင်းလို စနောက်နေသည်ကသာ ပိုများ၏။
"ငါ့ဖောက်သည်တွေတောင် မင်းလောက်ဘဝင်မကိုင်ဘူး တကယ်"
အမြင်ကတ်ကတ်နှင့် ဖုန်းကို ချပစ်တော့မလိုလုပ်မှ သကောင့်သားက တဟိုးဟိုးနှင့် စ,နေတာကိုရပ်သည်။
"အိမ်မှာလား"
"မဟုတ်ဘူး Dream Houseမှာ"
"Why?"
"တယောကို သေချာလေ့ကျင့်ရမလားလို့..ပြီးတော့ ကျောင်းနဲ့လည်း နီးတယ်လေ"
ထိုအခါမှ တအင်းအင်းနှင့် ထောက်ခံသမှုပြုသည်။ ထို့နောက် တစ်ယောက်တည်းဖြစ်နေသည့်daddyကို သေချာဂရုစိုက်ရန် မှာ၏။ ပြေးကြည့်လို့မှ မိသားစုက ဒီသုံးယောက်တည်းရှိတာမို့ အဝေးမှာရှိနေတာတောင် အချင်းချင်း ဂရုစိုက်ကြတာမဆန်း။
"အခုဖုန်းချပြီးရင် လိုင်းလေးဘာလေးဖွင့်ပြီး chatboxထဲကိုကြည့်လိုက်အုံး..မင်းအတွက် အထူးသီးသန့်special လက်ဆောင်ပို့ထားတယ်"