130 8 0
                                    

ချစ်ခြင်းတည်စေ

ကိုကိုက သွင့်အလိုကျဖြစ်စေချင်ရုံပါ။ သွင်ကသာ မလိုချင်ဘူးဆို ကိုယ်ကထွက်သွားပေးဖို့တွန့်ဆုတ်နေမှာမဟုတ်သလို သွင်ကသာ အနားရှိစေချင်တယ်ဆို ကိုယ်ဘယ်တော့မှနောက်ဆုတ်မှာမဟုတ်ဘူး။

-ကိုကိုမင်းစေ

သွင်က ကျွန်တော့်အပိုင်။ သွင့်ကို ကျွန်တော်အရင်ဆုံးရှာတွေ့ခဲ့ပြီး ကျွန်တော်အရင်ဆုံး... ကျွန်တော်မသိဘူး ပိုင်ဆိုင်ချင်တာနဲ့အချစ်ကထပ်တူကျလားဆိုတာ ဒါပေမဲ့ သေချာတာတော့ သွင်ဟာ ကျွန်တော့်အတွက်ဘဲဖြစ်ရမယ်။

-ညီညီမင်းစေ

ချစ်တယ်ဆိုတာ ဘာလဲကျွန်တော်မသိသေးဘူး။ ဒါပေမယ့် အချစ်ခံရတဲ့ခံစားချက်က ပျော်ဖို့သိပ်ကောင်းတာဘဲလို့ ကျွန်တော်ထင်တယ်လေ။

-သွင်

(၁)

"တောစောင့်နတ်သားလေး"

ညီညီမျက်နှာက လှောင်ပြုံးကိုမဆယ်နိုင်ဘဲ ထွန်းကိုကြည့်မိတော့ ထွန်းကခေါင်းတငြိမ့်ငြိမ့်နဲ့စပ်ဖြဲဖြဲ။

"ဘာလို့ အဲ့လိုခေါ်တာလဲ"

"လှလို့လေ... ပြီးတော့ လူကြားသူကြားထဲခေါ်မရလို့"

မှန်တာပြောရရင် ညီညီ သူကြည့်ခဲ့ရတဲ့အောက်ချင်းငှက်ဖိုမစုံတွဲထက်တောင် ခုမြင်တွေ့ရမယ့်တောစောင့်နတ်သားလေးကို ပိုစိတ်၀င်စားမိသွားသည်။ သူ့ဘ၀မှာ တိရိစ္ဆာန်တွေကိုကျော်၍ လူတစ်ယောက်ကို ပထမဆုံးစိတ်၀င်စားမိခြင်း။ လူ..လို့ရော ပြောလို့ရပါ့မလား။

"အား..."

လူတစ်ယောက်ရဲ့စူးစူးဝါးဝါးအော်သံကြားတာကြောင့် သူတို့နှစ်ယောက်လုံး အော်သံကြားရာစီအပြေးသွားမိကြတော့ စွတ်စွတ်ဖြူနေတဲ့ကောင်လေးနဲ့ ပါးပျဥ်ထောင်နေတဲ့မြွေဟောက်တစ်ကောင် မျက်နှာချင်းဆိုင်လျက်။ ညီညီချက်ချင်းပင် လက်ထဲကပါလာသောတုတ်နဲ့
ကောင်လေးရှေ့ကပိတ်ရပ်ကာ မြွေ‌ဟောက်ကိုခြောက်တော့ ထွန်းကလဲဝိုင်းခြောက်ထုတ်ပေးသည်။

သူတို့မြင်ကွင်းအောက်မှ မြွေပျောက်ကွယ်သွားမှ ညီညီက သူ့နောက်ကငုတ်တုတ်လေးထိုင်နေတဲ့ကောင်လေးဘက်ကို ထိုင်ချပြီးပြန်ငုံ့ကြည့်ရ၏။ စိမ်းမြမြဖြစ်နေတဲ့မျက်လုံးလေးတွေက ကြောက်ရွံ့မှုတွေ အရှိန်မသေသေးဘဲ သူ့ကိုကြောက်ကြောက်ရွံ့ရွံ့နဲ့ငေးကြည့်နေတုန်း။ စွတ်စွတ်ဖြူနေတဲ့အသားအရေက သွေးမရှိတော့သည့်နှယ်။

ချစ်ခြင်းတည်စေWhere stories live. Discover now