1

286 47 1
                                    

[Unicode]

နက်ရှိုင်းသောအမှောင်ထုထဲကနေ ရှဝမ်နန် ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။ သူ့ဘဝမှာ တစ်ခါမှ ဒီလောက်ထိ နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်ခဲ့ဖူးပါ။ မျက်လုံးများကို ခက်ခက်ခဲခဲ ဖွင့်လိုက်ရသည့်နောက် တိုးဝင်လာသော ရွှေအသွေးလို နေရောင်က သူ့အမြင်အာရုံထဲ ပြည့်လျှံသွားတာမို့ နောက်တစ်ကြိမ် မျက်လုံးပြန်မှိတ်ထားလိုက်ရသည်။ အလင်းရောင်နှင့် အသားကျတော့မှ သူ့မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်၏။

ဒီတစ်ကြိမ် သူ အပြည့်အဝ သိလိုက်တာက ဆွတ်ဆွတ်ဖြူနေသောအခန်းအလယ်မှာ သူ လဲလျောင်းနေပြီး မျက်နှာကြက်က လေးထောင့်ပုံမီးဆိုင်းက အဖြူရောင်အလင်းတွေ ထွန်းလင်းနေတယ်ဆိုသည့်အချက်။ မီးဆိုင်းက အခန်းကို အလင်းရောင်ပေးထားပေမယ့် ပြတင်းပေါက်ကို ဖြတ်ဝင်လာသော နေရောင်မှာ သိသိသာသာ ပိုတောက်ပနေလျက်။ နေရောင်တွင် ရွှေရောင်စွက်နေပြီး မနက်ခင်းထွက်လာသည့် ပုစွန်ဆီရောင်‌အသွေးမဟုတ်ဘဲ နေ့လယ်ခင်း ခြစ်ခြစ်တောက်ပူသော နေရောင်ကဲ့သို့ ခံစားရသည်။

အခုအချိန် အပြင်မှာ ပူနေမလား ရှဝမ်နန် မသိပါ။ အနည်းဆုံးတော့ ဒီအခန်းထဲမှာ လေအေးပေးစက်ဖွင့်ထားပြီး အခန်းအပူချိန်ကလည်း အနေတော်ပဲ ဖြစ်နေသည်။ စောင်အောက်က သူ့ခန္ဓာကိုယ်ဟာ ပူတာရော၊ အေးတာရော မခံစားရသော်လည်း လက်တစ်ဖက်လှုပ်ဖို့ ကြိုးစားကြည့်လိုက်ချိန်မှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အလောင်းကောင်လို တောင့်နေတာကို သိလိုက်ရသည်။ မကြာပါ..ခေါင်းတွေ တဆစ်ဆစ်ထိုးကိုက်လာပေပြီ။

သူ့နှုတ်ခမ်းကနေပါ ညည်းသံတိုးတိုးထွက်သွားရသည်။

"မင်း နိုးလာပြီလား"

ဟန်ဆောင်ဖုံးကွယ်မှုမရှိဘဲ အံ့အားသင့်သွားသည့် အမျိုးသားအသံတစ်ခုက နက်ရှိုင်းလှစွာပဲ အခန်းထဲ မြည်ဟိန်းသွားခဲ့သည်။

အသံလာရာကို ရှဝမ်နန် မော့ကြည့်ဖို့ ကြိုးစားသော်လည်း နည်းနည်းလောက် လှုပ်ကြည့်အပြီးမှာ ထိုစိတ်ကူးကို လက်လျှော့လိုက်ရသည်။

သူ ခေါင်းထိထားတာဖြစ်ဖို့ များတယ်...တစ်လက်မလောက်တောင် မလှုပ်နိုင်ဘဲ မချိမဆံ့နာကျင်နေပုံထောက်ရင်။

တစ်ဖက်တည်း ဦးတည်သောလမ်း || ဘာသာပြန်Where stories live. Discover now