7

125 34 2
                                    

[Unicode]

အဘိုးဖြစ်သူ၏အုတ်ဂူ‌ရှေ့တွင် ရှဝမ်နန် နာရီဝက်နီးပါး ငြိမ်သက်နေပြီးနောက် မျက်ရည်များ ခြောက်သွေ့လုတော့မှ သူ ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခါမှ သူ့ဘေးက မင်လုချွမ်း မရှိတော့မှန်း သိလိုက်ရ၏။ သူ မတ်တတ်ထရပ်ပြီး ဟိုဟိုဒီဒီကြည့်လိုက်သောအခါတွင်မူ အုတ်ဂူတန်းတစ်လျှောက်၏ အဆုံး၌ ရပ်နေသောမင်လုချွမ်းကို အဝေးတစ်နေရာသို့ ငေးလျက်သား တွေ့ရပြီ။

အခုဆို ရှဝမ်နန်က မင်လုချွမ်းကို ပေါင်းရသင်းရခက်သည်ဟု မခံစားရတော့ပေ။

မင်လုချွမ်း၏အပေါ်ပိုင်းခန္ဓာကိုယ်မှာ အဖြူရောင်ရှပ်နှင့် သိမ်းထုပ်ထားပြီး ကော်လာကို ခပ်ကျယ်ကျယ်ဟထားရုံသာမက ရှပ်အနားစွန်းကို ဘောင်းဘီရှည်ထဲသို့ ထည့်ဝတ်ထား၏။ အဆီပိုမရှိ ကျစ်လျစ်သောခါးနှင့် ခြေတံရှည်များကိုပါ ပေါင်းစပ်လိုက်သောအခါ ကြည့်ကောင်းလှသည့်အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်ပင်။

ရှဝမ်နန် ထိုသူ့ဆီ လျှောက်သွားလိုက်သည်။ မင်လုချွမ်းက သတိထားမိပုံပေါ်သော်လည်း ခေါင်းငဲ့မလာပေ။ ရှဝမ်နန်က အနားသို့ ချဉ်းကပ်လာရင်း ထိုသူ့ဘေးသို့အရောက် တုံ့ခနဲ ရပ်တန့်လိုက်၏-
"မင်း နည်းနည်းလောက် ထပ်စောင့်ပေးလို့ ဖြစ်မလား"

မင်လုချွမ်းက လှည့်ကြည့်လာပြီ။

ရှဝမ်နန် ပြောလိုက်သည်-

"ငါ့မိဘတွေကို သွားတွေ့ချင်သေးလို့"

မင်လုချွမ်းက တစ်ခဏမှင်သက်သွားပြီးမှ

"ကောင်းပြီ"

အဘိုးဖြစ်သူသေဆုံးမှု၏ ထိုးနှက်ချက်အပြီး ရှဝမ်နန် အသိကပ်သွားပုံရကာ အတွေးများလည်း တစ်စတစ်စရှင်းလင်းလာခဲ့သလို။ နောက်ထပ်ပန်းစည်းတစ်ခု ထပ်ဝယ်၍ မိဘနှစ်ပါး၏အုတ်ဂူပေါ်တွင် တင်ပေးပြီးနောက် သူ ဆောင့်ကြောင့်ထိုင်လိုက်ရင်း အဖေနှင့်အမေကို ခဏလောက် စကား‌ပြောဖြစ်သည်။

သူ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါး ကွယ်လွန်သွားခြင်းပင်။ မိဘများနှင့်ပတ်သက်သည့်မှတ်ဉာဏ်အားလုံး အစပျိုးရာက အိမ်မှ ဓာတ်ပုံအယ်လ်ဘမ်လေးပဲဖြစ်ပြီး ထို့နောက်တွင် အုတ်ဂူပေါ်မှအဖြူအမည်းဓာတ်ပုံတွေကို တွေ့ခဲ့ရကာ သူနှင့်အဘိုး နှစ်တိုင်း လာရောက်ခဲ့မြဲဖြစ်သည်။

တစ်ဖက်တည်း ဦးတည်သောလမ်း || ဘာသာပြန်Where stories live. Discover now