" ကျေးတောလှရွာ "
အဖြူရောင် စက္ကူပန်းရုံများ အရှေ့၌ မားမားမတ်မတ် စိုက်ထူခံထားရသော ဆိုင်းဘုတ်ကလေး။ မကြာသေးခင်ကမှ ပြန်လည်ဆေးသုတ်ထားဟန်ရသော ထိုဆိုင်းဘုတ်ကလေးသည် သစ်လွင်လို့နေ၏။
" နေဝင်စပြုနေပြီပဲ "
နွားလှည်းပေါ်တွင် လိုက်ပါစီးနှင်းလာသော အမျိုးသမီးငယ်၏ အသံဖြစ်လေသည်။
လယ်ကွင်းပြင်ကို ဖြတ်ကျော်၍ မြင်နေရသည့် နေဝန်းနီသည် တိမ်တိုက်တွေကြားထဲ ပုန်းကွယ်ဖို့ရန် ကြိုးစားလို့နေ၏။ ထို့အတူ စာငှက်ကလေးများလည်း အသိုက်ရှိရာဆီသို့ တိုးဝှေ့ပျံပြေးနေကြလေပြီ။
" ကျုပ်အမြန်မောင်းပေးရမလား မမလေး "
" မလောပါဘူး ၊ ဖြည်းဖြည်းပဲ သွားပါ "
လယ်ကွင်းတွေကို ဖြတ်ကျော်ပြီးနောက် ဖုန်အနည်းထူသော လမ်းကလေးဆီ ရောက်၏။ ဘေးတစ်ဖက်တစ်ချက်ဆီတွင် စိန်ပန်းဝါ ၊ စိန်ပန်းနီပင်နှင့် အခြားသော အပင်ကြီးများကို တွေ့ရလေသည်။ နွေလေရူးကြောင့် လမ်းမထက်၌ ပန်းဝါဝါ ၊ ပန်းနီနီကလေးများ ပြန့်ကျဲလို့နေ၏။
" လူတစ်ယောက် ခေါ်တင်လို့ရမလား မမလေး "
" ဘယ်သူ့ကိုလဲ "
" ရွာက ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာမကိုပါ ၊ သွားမဲ့လမ်းလည်း ကြုံနေတာမို့ "
" ဪ ရတယ်လေ ၊ ခေါ်တင်လိုက်ပါ "
စကားပြောပြီး သိပ်မကြာလိုက်ပေ။ နွားလှည်းလေးသည် တိခနဲဆိုသလို ရပ်တန့်သွားခဲ့၏။
" လမ်းကြုံလိုက်ခဲ့ပါလား ဆရာမ "
" ရပါတယ်ရှင် ၊ ဒီအတိုင်းပဲ လမ်းလျှောက်သွားလိုက်ပါ့မယ် "
" မဟုတ်တာ ဆရာမရယ် "
" ဧည့်သည်လည်းပါနေတယ် မဟုတ်လား။ အားနာစရာတွေဖြစ်အောင် မလုပ်ပါနဲ့ရှင် "
ဘာအတွက်ကြောင့် ငြင်းနေပါသလဲလို့ တွေးနေတာ။ လတ်စသတ်တော့ ဆရာမရဲ့ အဖြေဟာ ကိုယ်ဖြစ်နေသည်ကို။
" ဧည့်သည်မဟုတ်ပါဘူး ၊ အဲဒါကြောင့် အားမနာဘဲ လမ်းကြုံလိုက်ခဲ့ပါ "