ချစ်ရိပ်ညို အပိုင်းနှစ်။
" ဦးတင်မောင် " ဦးစီးသော ဆန်ပွဲရုံ။
ခြေသံတရှပ်ရှပ်တွေ ၊ စကားတီးတိုးသံတွေဖြင့် ဆန်ပွဲရုံသည် တိတ်ဆိတ်မနေပါ။ ထို့အပြင် ဆန်အိတ်များ အသယ်အချပြုခြင်းကြောင့် ရံဖန်ရံခါတွင်လည်း ခပ်ကျယ်ကျယ် အသံများကို ကြားရ၏။
" ညကျရင် ဆရာမ အိမ်ရှေ့မှာ သီချင်းသွားဆိုကြမလား "
" အေး လုပ်ကွာ "
" ဟိုကောင် ဘနောင်ကိုလည်း ခေါ်သွားကြမယ်။ သူက ကျုပ်တို့ထက် ဆရာမကို ပိုစွဲလမ်းနေတာ "
" အဲကောင် တကယ့်အရူး ၊ ဆရာမကဖြင့် သူ့ကိုရှိတယ်လို့ကို မထင်တာ "
အတိုင်အဖောက်ညီစွာ ပြောဆိုပြီးနောက် တဝါးဝါး ရယ်မောကြလေသည်။ သို့သော် ထိုရယ်သံမှာ အချိန်မကြာမြင့်လိုက်ပေ။
" ဒီမှာ ဘာရပ်လုပ်နေကြတာလဲ "
မေမီတင်မောင်ရဲ့ စကားသံသည် အားပြင်းပြင်းဖြင့် ပုတ်ခပ်သွားသော လှိုင်းလုံးပမာ။ ရယ်မောနေသော အမျိုးသားနှစ်ဦးစလုံး ငြိမ်ကျသွားခဲ့၏။
" ဖြေလေ "
" ကျုပ်တို့ စကားခဏပြောနေကြတာပါ မမလေး "
" စကားပြောတာ အပြစ်မဟုတ်ပေမဲ့ ၊ ပြောနေတဲ့ အကြောင်းအရင်းက စိတ်ရှုပ်စေတယ်။ အဲဒါကြောင့် အသံတိတ်ပြီး လုပ်စရာရှိတာ ဆက်လုပ်ပါ "
" ဟုတ် ... ဟုတ်ကဲ့ပါ မမလေး "
လုပ်ငန်းများအား ဦးစီးစေချင်သော ဖခင်ဖြစ်သူ၏ ဆန္ဒကြောင့် ပွဲရုံသို့ ရောက်လာခဲ့ခြင်းပင်။ နေ့လည်ထမင်းစားနားလျှင် လယ်ကွင်းတွေဘက်သို့ သွားကြည့်ရပေဦးမည်။ ဤကဲ့သို့ အလုပ်များဖြင့် တစ်နေ့တာအား စိတ်မကြည်ခြင်းဖြင့် စတင်ရလေသည်။
" ပြောစရာရှားလို့ ဒေါ်အမာညို့အကြောင်းကိုမှ တရေးတယူနဲ့ "
အသက်ကြီးပါသော်လည်း မပျက်စီးသေးသည့် ထိုအမျိုးသမီး အလှကြောင့် မနေနိုင်မထိုင်နိုင် ရင်မောနေမိသည်။ အလုပ်ပင်ပန်းထားခြင်းကြောင့် ဗိုက်ဆာနေပါသော်လည်း ညစာစား၍ မဝင်ခဲ့ပေ။
![](https://img.wattpad.com/cover/368404956-288-k893288.jpg)