13

123 32 1
                                    

[Unicode]

ညစာစားပြီးတော့ ရှဝမ်နန်မှာ တခြားလုပ်စရာ များများစားစားမရှိသော်ငြား တစ်ညလုံး အပြင်မှာပဲ လျှောက်သွားနေလိုက်သည်။ အိမ်ပြန်ဖို့အတွေးကို သိပ်ပြီး စိတ်အားထက်သန်ခြင်း မရှိ။ ထိုအိမ်ကို သူ့အိမ်ဟု စိတ်ထဲမှာ အယုံသွင်းလို့ကို မရပေ---သူ့အိမ်သည် နယ်မြို့လေးမှ ဟောင်းနွမ်းယိုယွင်းနေသော စက်ရုံအဆောက်အဦးလေးသာ ဖြစ်သည်။

အမိုးခုံးစင်္ကြံရုံတစ်လျှောက် သွားနေရင်း အရုပ်ကောက်စက်တွင် အရုပ်သွားကောက်ဖို့ ယွမ် ၂၀ ကို အကြွေစေ့လဲလိုက်ပြီးလျှင် အကြွေစေ့ကုန်သွားချိန်မှာ နောက်ထပ်ပိုက်ဆံထပ်သုံးဖို့ ဝန်လေးသွားမိသည်။ သို့နှင့် ထိုနေရာမှာပဲ ခဏမျှရပ်နေလိုက်ကာ တခြားသူများ ကစားနေသည်ကို စောင့်ကြည့်ရင်း၊ တစ်ယောက်ကိုတစ်ယောက် ရင်းရင်းနှီးနှီးပွေ့ဖက်လျက် အရုပ်ကောက်စက်ဆီသို့ လာနေသော အယ်လ်ဖာနှင့်အိုမီဂါစုံတွဲကို တွေ့ရသောအခါတွင်မူ သူ ထွက်ပြေးလာခဲ့တော့၏။ အချစ်တွေပြည့်လျှံနေသော ရနံ့မျိုးကို သူ မရှူရှိုက်လိုပါ။ ထိုရနံ့က မနှစ်မြို့စရာကောင်းတာ မဟုတ်ပေမယ့်လို့။

ရှဝမ်နန် အိမ်ကို ဖြည်းဖြည်းချင်း ပြန်လာခဲ့လိုက်သည်။

ည ၉ နာရီခွဲတွင် အိမ်ကို ပြန်ရောက်သည်။ လက်ဗွေရာနှင့် အိမ်တံခါးဖွင့်ပြီး အသာဟသွားရုံလောက် တွန်းဖွင့်ကြည့်လိုက်ရာ အထဲတွင် ပိန်းပိတ်အောင် မှောင်နေမှန်း သိလိုက်ရ၏။

မင်လုချွမ်း အိမ်ပြန်မရောက်လောက်သေးဘူးဟု သိလိုက်ရ၍ ရှဝမ်နန် စိတ်သက်သာရာရသလို သက်ပြင်းချမိပြီ။ မီးဖွင့်ဖို့ပင် မတွေးနိုင်တော့ဘဲ တိုက်ခန်းတံခါးဖွင့်ကာ အထဲဝင်လာရင်း သူ့အခန်းဆီသို့ တန်းတန်းမတ်မတ်သွားဖို့ ပြင်လိုက်သည်။

သို့ပေသည့် ခြေနှစ်လှမ်းမျှ လှမ်းပြီးရုံရှိသေး၊ မှောင်မည်းနေသောအခန်းထဲ အသံနက်နက် မြည်ဟိန်းလာခဲ့လျက်။

"မင်း ဘယ်တွေသွားနေတာလဲ"

ရှဝမ်နန် ကြောင်အသွားရကာ နေရာမှာရပ်ပြီး ဧည့်ခန်းကို ဝေ့ကြည့်လိုက်သော်လည်း သူ့မျက်လုံးများက အလင်းရောင်မှိန်ဖျဖျကို ကျင့်သားမရနိုင်သေး၍ အနီးစပ်ဆုံးအရိပ်အနားသတ်ကိုတောင် ပုံဖော်နိုင်စွမ်းမရှိပေ။

တစ်ဖက်တည်း ဦးတည်သောလမ်း || ဘာသာပြန်Where stories live. Discover now