16

121 33 2
                                    

[Unicode]

ရွှီဖုန်းထွက်သွားသောအခါ ရှဝမ်နန် နားနေခန်းထဲကို စူးစမ်းသည့်အလား ဟိုဟိုဒီဒီ လျှောက်ကြည့်မိသည်။

နားနေခန်းမှာ သူ ထင်ထားတာထက်ပို၍ ကျယ်ဝန်းနေကာ အခန်းအလယ်၌ နူးညံ့သော နှစ်‌ယောက်အိပ်ကုတင်ချထားပြီး တစ်ဖက်ခြမ်းတွင် မျက်နှာကြက်မှကြမ်းပြင်တိုင် မှန်ချပ်အပြည့်ကာဆီးထားကာ တစ်ဖက်နံရံတွင်မူ အဝတ်ဗီရိုတစ်လုံး ရှိသည်။ အဝတ်ဗီရိုဘေးတွင် တံခါးတစ်ချပ်ရှိပြီး frosted glass နှင့်ပြုလုပ်ထားသဖြင့် အတွင်းပိုင်းကို အနားသတ်မျှသာ ခပ်ရေးရေး မြင်နိုင်ပေ၏။

ရှဝမ်နန် ထိုမှန်တံခါးကို ဖွင့်၍ အထဲသို့ ချောင်းကြည့်လိုက်တော့ အမှန်ပင် ရေပန်းတွဲလျက်ပါသည့် ရေချိုးခန်းဖြစ်နေခြင်း။

ရင်ဘတ်နှင့်ကပ်နေသော တီရှပ်ကို ငုံ့၍ ဆွဲချွတ်ပစ်လိုက်သည်။ အဖြူရောင်ရှပ်တွင် စွန်းပေသွားသော ကော်ဖီကွက်များမှာ ထင်းနေကာ ခြောက်သွေ့သွားဖို့ရာ ခဏလောက် အချိန်ယူရမည့်ပုံပင်။ တစ်ချက်တုံ့သွားပြီးနောက် ရှဝမ်နန် နားနေခန်းတံခါးကို အထဲမှ လော့ခ်ချကာ ရေချိုးဖို့အတွက် အဝတ်တွေ ဆွဲချွတ်လိုက်သည်။

ရေချိုးခန်း၏ frosted တံခါးတွင် ဘာလော့ခ်မှ မရှိပေ။ ရှဝမ်နန် တံခါးပိတ်ပြီး ရေပူခလုတ်ကို ဖွင့်လိုက်တော့ ဂျက်အင်ဂျင်လည်သံက သူ့နားထဲ လှိမ့်ဝင်လာသည်။ တစ်ဝက်သာ အလုံပိတ်ထားသော နေရာလွတ်ထဲ ရေနွေးငွေ့များ အလိပ်လိုက်တက်လာကာ သူ့ကို လုံးဝ နစ်မြုပ်သွားစေတော့၏။

ဒီပတ်ဝန်းကျင်ကို သူ မရင်းနှီးတာမို့ မြန်မြန်ဆန်ဆန်နှင့် သာမန်ကာလျှံကာမျှ ချိုးလိုက်သည်။ အနီးအနားမှာ သဘက်လည်း တစ်ထည်မှမတွေ့သဖြင့် သူ ချွတ်ချလိုက်သော တီရှပ်ကိုပဲ ဆွဲယူကာ ကိုယ်ခြောက်အောင် သုတ်ပြီးနောက် ဘောင်းဘီရှည် စွပ်ချလိုက်၏။

စိုရွှဲနေသော တီရှပ်ကို ခပ်တင်းတင်းဆုပ်ထားလျက် မှန်တံခါးကို တွန်းဖွင့်ပြီး အပြင်ဘက်ကို ခြေတစ်ဖက်ချရုံရှိသေး၊ ကုတင်စွန်းပေါ် ထိုင်ပြီး သူ့ဘက် မျက်နှာမူထားသော မင်လုချွမ်းကို တွေ့လိုက်ရသည်မို့ နေရာမှာတင် ကြက်သေသေသွားရတော့သည်။

တစ်ဖက်တည်း ဦးတည်သောလမ်း || ဘာသာပြန်Where stories live. Discover now