Part 8 — ကစားဖော်။
ယဲ့ချုံကျင်မှာ ဆန္ဒပြခြင်း မအောင်မြင်သဖြင့် ချွဲနွဲ့ပြလေတော့သည်။ ဒီတစ်အိမ်လုံးတွင် အချစ်ခံရဆုံးက သူပင်၊။ သူ မျက်ရည်လေးတစ်စက်ကျပြီး ငိုသံလေး တစ်ချက်နှစ်ချက် ထွက်လာလိုက်လျှင် နန်းတွင်းမဝင်ချင်သည်ကိုပင် မပြောနှင့်၊ သူ သူ့အဖေကြီးအား အလုပ်ထွက်ခိုင်းပြီး မွေးရပ်မြေပြန်ခိုင်းလျှင်တောင် မဖြစ်နိုင်တာမဟုတ်ပေ။
သို့သော် သူ အကြာကြီး ကြိုးစားနေသည့်တိုင် မျက်ရည်တစ်စက်ပင် ညှစ်မထုတ်နိုင်ခဲ့။
ယခင်ဘဝတွင်ဖြစ်စေ၊ ယခုဘဝတွင်ဖြစ်စေ၊ သူ့ပုံပန်းသဏ္ဍာန်က အားနည်းပုံပေါ်သော်လည်း တကယ်တမ်းမှာ သူ့စိတ်က အလွန်မာကျောသည်။ သူ ငယ်စဉ်က သူ့မိသားစုက သူ့ကို နန်းတွင်းထဲ ရောင်းစားလိုက်စဉ်က သူ သေအောင်ငိုခဲ့ဖူးသည်။ နောက်ပိုင်းတွင်မူ သူ ငိုလျှင်တောင် သူ့ကို ဘယ်သူမှ သနားမည်မဟုတ်ဘဲ အင်အားဖြုန်းတီးရုံသာဖြစ်ကြောင်း သိလာခဲ့ရသည်။
ထို့ထက်နောက်ပိုင်းတွင် တစ်စုံတစ်ယောက်က သူ့ကို သနားပေး၊ ချစ်ပေးလာသော်လည်း သူ သူများဆီမှ နှစ်သိမ့်မှုရယူတတ်သည့်အကျင့်မျိုး ရှိမလာခဲ့ချေ။
သူ သူ့အဖေ၏မျက်လုံးများကို စိုက်ကြည့်ကာ မိမိကိုယ်ကို သနားစရာ မတရားခံရရှာပုံပေါက်အောင် ကြိုးစားနေသည်။ သို့သော် တခြားလူများအမြင်တွင်မူ အနံ့မွှေးမွှေးပျော့အိအိဖြင့် ကလေးလေးက ပါးလေးများ နီမြန်းလာလျက် မျက်လုံးလေးများက ကြယ်လေးများအလား အရောင်တလဲ့လဲ့ဖြင့် အလွန်ချစ်ဖို့ကောင်းနေသည်! ဤမျှချစ်ဖို့ကောင်းခြင်းက တအားတအားကိုမှ စည်းကမ်းဖောက်ရာရောက်သည်။
အမတ်ချုပ်ကြီးယဲ့မှာ ချက်ချင်းပင် အရှိုက်ထိလို့သွားပြီး တက်ကြွစွာဖြင့် ပြောလိုက်သည်။
"ရှင်မ၊ အပ်ချုပ်ဆရာရောက်လာရင် အားကျင်အတွက် အကျီ ပိုချုပ်ပေးခိုင်းလိုက်နော်၊ ကိုယ်မြင်မိတာ အပြင်က အဲဒီကလေးတွေမှာ ဘာတဲ့.. ကျားဦးထုပ်ဆိုလား ရှိကြတာ၊ ကိုယ်တို့အားကျင် ဆောင်းရင်လည်း သေချာပေါက်ကြည့်ကောင်းမှာပဲကွ"
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation