Part 20 — အပြောင်းအလဲ။ဖုန့်ရှီးနန်းဆောင်၌။
ဧကရီမုသည် လက်ထဲရှိ ခရမ်းရောင်စိတ်ပုတီးလုံးများဖြင့် လှည့်နေကာ ‘အောမိသောဖော’ ဟု တီးတိုးရေရွတ်လို့နေသည်။
ကြင်ယာတော်လန်ရဲ့ နူးညံ့ကာ ဆွဲဆောင်မှုရှိသောပုံပန်းသဏ္ဍာန်နှင့် ယှဉ်လျှင် သူမရုပ်ရည်သည် ပို၍မှိန်ဖျော့သည်။ သူမ အသက်သုံးဆယ်အစောပိုင်း ရောက်နေပြီဖြစ်ကာ သူမမျက်လုံးထောင့်များတွင် အရေးအကြောင်းများ မြင်နိုင်နေပြီဖြစ်သည်။ သူမမျက်ခုံးတန်းများသည် လောကကြီးကို ကိုယ်ချင်းစာကရုဏာထားသည့် ဗုဒ္ဓကဲ့သို့ ညင်သာနေသည်။ သို့သော် ဤမောင်းမဆောင်တွင် အမှန်တကယ် ကိုယ်ချင်းစာကရုဏာထားတတ်သူဟူ၍ မရှိပါချေ။
“ချန်းအာ ခုတလော ယိုးအာကို သိပ်ဂရုစိုက်နေတာပဲ”
ကုချန်းက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် ပြောသည်။
“ကျွန်တော်က အကောင်းဆုံးကြိုးစားပေးရုံပါ၊ ကြင်ယာတော်မယ်မယ်လိရှိတုန်းက မယ်တော့်ကို ညီအစ်မအရင်းလို ဆက်ဆံခဲ့တာလေ၊ အခု သူမရှိတော့ သားတော်က သူ့အစား ရှောင်ဝူ့ကို စောင့်ရှောက်ပေးရမှာပါပဲ”
ဧကရီက ခပ်ဖွဖွ မျကိမှောင်ကြုတ်လိုက်ပြီး ပြောသည်။
“အဲ့ဒီလိုဆိုရင် ဆောင်းဦးလယ်ပွဲတော်ညက မင်း ဘာကြောင့်လိမ်ပြောလိုက်သလဲ၊ ယိုးအာကို မုဖန်းမြစ်ထဲတွန်းချတာ ဘယ်သူမှန်း မင်းသိရက်သားနဲ့ တမင် ဖုံးထားလိုက်တယ်၊ မဟုတ်မှ မင်းက အပြစ်သားကို ကာကွယ်ပေးချင်နေသလား”
“မယ်တော်က တကယ် အကုန်သိနေတာပဲ”
ဧကရီမု ခပ်ဖွဖွ မျက်လုံးများမှိတ်လိုက်ပြီး သူမလက်ထဲရှိ ပုတီးစေ့များကိုလှိမ့်ကာ ပြောသည်။
“ငါက မောင်းမဆောင်ရဲ့သခင်မ၊ ငါ့မျက်စိအောက်မှာဖြစ်ပျက်နေတာ ငါမသိဘဲနေပါ့မလား”
ကုချန်း လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ပြောသည်။
“မယ်တော့်ကို မေးပါရစေ၊ ဒီကိစ္စကို ဖော်ထုတ်လိုက်ရင် ဘာအကျိုးရှိမှာမို့လို့ပါလဲ၊ ခမည်းတော်က ကုရှန်နဲ့ စာရင်းရှင်းမယ်ဆိုပေမယ့် သူက အမြဲတတိယသားကို အချစ်ပိုခဲ့တော့ နောက်ပြီးကျရင် မလွှဲမရှောင်သာ သူ့အတွက် စိတ်မကောင်းဖြစ်မိမှာပဲ၊ သူဒေါသထွက်ရင် ခံစားရမယ့်သူက ရှောင်ဝူပဲလေ၊ သည်အဖြစ်ကိုအသုံးချပြီး ရှောင်ဝူကို ခမည်းတော်မျက်လုံးထဲ ရောက်သွားအောင်လုပ်ပေးလိုက်ရမှာပေါ့၊ ခမည်းတော် သူ့ကို ဂရုစိုက်လာသ၍ နောက်ဆို သူ အနိုင်ကျင့်ခံရတော့မှာမဟုတ်ဘူး၊ ဒါ အကောင်းဆုံးဗျူဟာပဲမဟုတ်လား”
YOU ARE READING
အပေါ်ယံရွှေကွပ်လို့ကျောက်စိမ်းခြယ်
Historical Fictionဘာသာပြန် by Legacy Novel Translation